ကာချုပ်ပုံကို ဖိနပ်နဲ့နင်းတဲ့ ဓါတ်ပုံ ဝေမျှသူ အဖမ်းခံရ
2015.10.15

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့နင်းထားတဲ့ပုံကို ဖေ့ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှထားလို့ဆိုပြီး ရန်ကုန်မြို့က ကချင်အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးပက်ထရစ်ခွန်ဂျာလီ ကို လှိုင်မြို့နယ်ရဲစခန်း တာဝန်ရှိသူတွေက မနေ့က အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၇ နာရီကျော်လောက် မှာ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဦးပက်ထရစ်ခွန်ဂျာလီကို လာဖမ်းတဲ့အခါ ဖမ်းဝရမ်းပြတာမျိုးမရှိဘဲ အဆင့်သင့်ပုံနှိပ်ထုတ်ယူလာတဲ့ ဓါတ်ပုံတစ်ပုံပြ ပြီးခေါ်သွားတာဖြစ်တယ်လို့ သမီးဖြစ်တဲ့ မအဖန် က RFA ကိုပြောပါတယ်။
ဦးခွန်ဂျာလီရဲ့ ဇနီးသည်ဟာ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်က လူ့အခွင့်အရေးလှုပ်ရှား သူ ဒေါ်မေစံပယ်ဖြူဖြစ်ပြီး၊ အခုရက်ပိုင်းမှာ ဥရောပနိုင်ငံတွေကို ရောက်နေပါတယ်။
ဒါကြောင့် သူတို့မိသားအိမ်မှာ အဖွားအိုတစ်ယောက်နဲ့ သားသမီးတွေပဲ ကျန်ရစ်ခဲ့ပါတယ်။ မိတ်ဆွေတချို့က ရဲစခန်းကိုလိုက်သွားပေမယ့် စစ်ဆေးရေးကာလဖြစ်လို့ တွေ့ခွင့်မပြုနိုင်ဘူးလို့ ရဲအရာရှိတွေကပြောတယ်လို့လည်း သိရပါတယ်။
ဦးပက်ထရစ်ခွန်ဂျာလီ အကြောင်းနဲ့ပတ်သက်လို့ သမီးဖြစ်သူ မအဖန် (Ah Pan) ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။