ပေါက်မြို့နယ် သပြေညိုရေနံမှော် လေကြောင်းနဲ့ ဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိ
2023.12.10

မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ သပြေညိုရေနံမှော်ထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၀ ရက်၊ မနက်အစော တစ်နာရီခန့်မှာ ဂျက်တိုက် လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရေနံချက်ဖိုတွေ မီးလောင်ခဲ့သလို ကားနဲ့ လူနေတဲ တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာ မရှိဘဲ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလေးလုံးကြဲခဲ့တာဖြစ်ပြီး သုံးလုံးပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
လူထိခိုက်မှုမရှိပေမယ့် ရေနံမှော်ထဲမှာ လုပ်ကိုင်နေသူတွေကတော့ စိုးရိမ်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘေးနားပတ်ချာလည်က အကုန်လုံး မီးလောင်သွားတာ ညက။ အခုချသွားတာက မီးလောင်ဗုံးတွေလို့ ပြောနေကြတယ်။ ဂျက်တိုက်လေယာဉ်နဲ့ လေးလုံးချသွားတာ။ သုံးလုံးကတော့ ကွဲတယ်။ တစ်လုံးကတော့ မကွဲဘူး။ ချက်ဖိုတွေ မီးလောင်တယ်။ တစ်ညလုံးကို မီးတွေသတ်ရတယ်။ အလုပ်လုပ်နေတဲ့ မှော်ပဲ။ ချတာက PDF စခန်းကိုချ တာထင်တယ်။ ကြည့်ရတဲ့ပုံစံက နေရာလွဲသွားတာဖြစ်မယ်။ မှော်ထဲက လူတွေကတော့ အကုန်ကြောက်နေကြတာပေါ့။ ငိုတဲ့သူငို၊ အထုပ်ပြင်တဲ့သူ ပြင်နဲ့”
အဲဒီရေနံမှော်ထဲမှာ လုပ်ကိုင်နေသူ ခန့်မှန်းတစ်ထောင်နီးပါးရှိနေပြီး အကုန်လုံးကတော့ လက်ရှိ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကလည်း သပြေညိုရေနံမှော် အပါအဝင် ပေါက်မြို့နယ်ထဲက လက်ယက်ရေနံကျင်းတွေနဲ့ မြိုင်မြို့နယ်ထဲက ရေနံကျင်းတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဆက်တိုက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။