ပေါက်မြို့မှာ NUG ကျောင်းဆရာတစ်ဦး အသတ်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ် သစ်ညီနောင်ရွာမှာနေထိုင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျောင်းဆရာတစ်ဦး အောက်တိုဘာလ ၁၆ ရက်နေ့မှာ အသတ်ခံလိုက်ရတယ် လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
အသတ်ခံရသူဟာ အဲဒီရွာသား အသက် ၄၅ နှစ်အရွယ် ဦးစောထွန်းမိုးဖြစ်ပြီး NUG ရဲ့ စာသင်ကျောင်းမှာ အထက်တန်းပြ ကျောင်းဆရာအဖြစ် လုပ်နေသူလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ မနက် ၉ နာရီလောက်မှာ သစ်ညီနောင်ရွာဘက်ကို အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ လက်နက်ကိုင် အရပ်ဝတ်တွေနဲ့အတူ ဝင်ရောက်လာတယ်လို့ ကိုယ်တိုင် မြင်တွေ့ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။
ဦးစောထွန်းမိုးဟာ အဲဒီအချိန် ပုန်းရှောင်နေရာက အဖမ်းခံလိုက်ရပြီး တောင်မြင့်ရွာအထိ ဖမ်းဆီးခေါ်ဆောင်ခံရသလို မကြာခင်မှာပဲ အသတ်ခံရကြောင်း ကြားရတာလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပထမဝင်တာက သူ့တဲကို အရင်ဝင်တယ်တဲ့။ သူ့တဲမှာ သူ့ကိုမတွေ့တော့ သူတို့ ရှေ့ဆက်သွားတော့ သူ့ ဦးလေး ယာခင်းထဲမှာ မိသွားတယ်။ လူတွေအများကြီး မိတာမှာ သူတစ်ယောက်တည်းပဲ ခေါ်သွားတယ်။ တောင်မြင့် စာသင်ကျောင်းတံခါးမှာ ခေါင်းကို ချိတ်ပစ်ခဲ့ပြီး လက်တွေဖြတ်ပြီးမှ အလောင်းကို ချထားခဲ့တာ”
သူဟာ အရင်က အစိုးရဝန်ထမ်းမဟုတ်ဘဲ ပုဂ္ဂလိကကျောင်းတွေမှာ စာသင်နေသူဖြစ်ပြီး စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း အဲဒီကျောင်းတွေမှာပါ စာဆက်မသင်တော့ဘူးလို့ ဆိုပါတယ်။
ဦးစောထွန်းမိုးမှာ ဇနီးဖြစ်သူနဲ့ သားတစ်ဦး ကျန်ရစ်ခဲ့ပြီး သူဟာ ရပ်ရွာထဲမှာ ဘယ်သူနဲ့မှ ရန်ငြိုးရန်စမရှိဘဲ ပျော်ပျော်နေတတ်သူဖြစ်သလို ကလေးတွေအပြင် ရပ်ရွာကပါ ချစ်ခင် လေးစားရသူဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိ NUG ကဖွင့်ထားတဲ့ သစ်ညီနောင်ရွာစာသင်ကျောင်းမှာ အထက်တန်းပြကျောင်း ဆရာ လုပ်နေတာကြောင့် နောက်လူတွေပါ ဒီလိုမလုပ်ရဲအောင် ရက်ရက်စက်စက် သတ်ဖြတ်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
အဲဒီရွာတွေဘက် ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်း မှာတော့ တောင်မြင့်ရွာ စာသင်ကျောင်းကို မီးရှို့ခဲ့သလို တောင်မြင့်ကနေတစ်ဆင့် ကျားပစ် ကန်ရွာနဲ့ သစ်ညီနောင်ရွာ ဘက်တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် အားလုံးထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ ဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းမထုတ်ပြန်သေး သလို စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး နောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေအပါအ၀င် သေဆုံးသူ စုစုပေါင်း ၂၃၆၁ ဦး ရှိပြီဖြစ်ပါတယ်။