ပေါက်မြို့နယ်မှာ စာသင်ကျောင်းတွေ အရည်အသွေးမပြည့်


2017.01.13
pauk-city-620.jpg ပေါက်မြို့က ကြိုဆိုပါ၏ ဆိုင်းပုဒ်ကို တွေ့ရစဉ်
.

မကွေးတိုင်း ပေါက်မြို့နယ်က ဆောက်လက်စ စာသင်ကျောင်းဆောင် ၁ဝ ခုလောက်ဟာ သတ်မှတ်ထားတဲ့ အရည်သွေးမမှီတာတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ ပေါက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း ကပြောပါတယ်။

ပေါက်မြို့နယ်မှာရှိတဲ့ ယာကြီးပြင်၊ သံပုရာ၊ စာသိန်း၊ မြှားပိုင်း၊ စမ်းရေခုံ စတဲ့ကျေးရွာတွေက အလယ်တန်းကျောင်း ခွဲနဲ့ အထက်တန်းကျောင်းခွဲ စာသင်ကျောင်းအဆောက်အအုံတွေဟာ စံချိန်စံညွှန်းနဲ့မညီဘဲ ဆောက်လုပ်ထားတာ ကို စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဦးရဲထွန်းဝင်း က ပြောပါတယ်။

"ဖောင်ဒေးရှင်းကတည်းက အရည်အသွေးမမီတာတွေ့ရတယ်။ ဖောင်ဒေးရှင်းမှာ အောက်ခြေက ၁၈ပေ ၊၁၄ ပေ၊ အပေါ်ကို ၉လက်မပေါ့။အဲဒီမှာ ဘာတွေ့ရလဲဆိုတော့ ၁၄ပေ မပါဘဲ ၉ ပေ တည့်ချထား တာတွေ တွေ့ရတယ်။ နောက်ဆုံးတွေ့ထားတဲ့ မြှားပိုင်းနဲ့ စမ်းရေခုံကျေးရွာမှာဆိုရင် အပေါ်ကကျောက် ထုတ်ရိုက်တဲ့အချုပ်မှာ မျဉ်းမဖြောင့်ဘူး၊ ရေချိန်မလည်ဘူး။ တိုင်တွေမှာတိုင်လုပ်ရမယ့် စံချိန်စံ ညွှန်း ဖောင်ဒေးရှင်းက အုတ်တိုင်ပေါ့။ အောက်ခံတိုင်ပေါ့။ အဲဒီမှာတိုင်ကောက်တဲ့အခါမှာလည်း ပန်းရံ ဆရာလုပ်သလို လုပ်တာမဟုတ်ဘူး။ တည့်ဆက်တွေနဲ့ လုပ်ထားတယ်၊ အဲလိုဆိုတော့ ခိုင်ခံ့မှု မှာ တော်တော်လေးအားနည်းသွားတယ်"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ လွှတ်တော်နားထားတဲ့ အချိန်ကစပြီး ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီဆောက်လက်စ စာသင်ကျောင်းအဆောက်အအုံတွေကို မင်းဘူးအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီနဲ့ မန္တလေးအခြေစိုက် ဆောက် လုပ်ရေးကုမ္ပဏီ စုစုပေါင်း ကုမ္ပဏီ ၃ ခုက တာဝန်ယူဆောက်လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စံချိန်စံညွှန်းနဲ့အညီ ပြန်လည်ဆောက်လုပ်ပေးဖို့ တာဝန်ယူထားတဲ့ ကုမ္ပဏီတွေကို အသိပေးပြောကြားထားပြီး ကုမ္ပဏီတွေဘက်ကလည်း ပြန်လည်ဆောက်လုပ်ပေးဖို့ ကတိပေးထားကြောင်းနဲ့ စံချိန်စံညွှန်းနဲ့အညီ ပြန် လည်ဆောက်လုပ်မပေးပါက လုပ်ငန်းပြီးစီးကြောင်းထောက်ခံမှု ပေးသွားမှာမဟုတ်ဘူးလို့ ဦးရဲထွန်းဝင်း ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။