မိုခါ မုန်တိုင်းကြောင့် ပေါက်တောမြို့ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီး

RFA Burmese
2023.05.18
မိုခါ မုန်တိုင်းကြောင့် ပေါက်တောမြို့ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီး မိုခါ ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခံရပြီး ပျက်စီးသွားသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့မှ နေအိမ်များကို ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့က နေအိမ် အဆောက်အအုံ ၈၀ ရာခိုင်နှုန်းခန့်ဟာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ပေါက်တောမြို့ပေါ်က ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်တောမြို့ပေါ်က နေအိမ် အဆောက်အအုံတွေရဲ့ ခေါင်မိုးတွေဟာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရပြီး ပြုပြင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေဟာလည်း ပြတ်လတ်နေတယ်လို့ သူက ပြောပါတယ်။

"သွပ်တွေ သံမှိုတွေ ရိုက်သံတွေ ဝယ်လို့မရဘူး။ ကျနော်တို့ဆီမှာ ရွှေတွေဘာတွေ ပေါင်လို့ရတဲ့နေရာတွေ ရှိတယ်လေ။ အခုက အဆက်အသွယ်အကုန်ပြတ်နေတော့ ရွှေရှိရင်တောင်မှ ငွေချေးမယ်ဆို ချေးလို့မရဘူး။ စစ်တွေကို မှီပြီး လုပ်တာဆိုတော့ စစ်တွေကလည်း အခြေအနေဆိုးနေတယ်"

လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေဟာ မုန်တိုင်းဝင်တဲ့ မေလ ၁၄ ရက်နေ့ကနေ ဒီနေ့ မေလ ၁၈ ရက်နေ့အထိ ပြတ်တောက်နေဆဲ ဖြစ်ပြီး ခေါင်မိုးနဲ့ ကုန်းမြင့်နေရာတွေမှာသာ ဖုန်းလိုင်းမိတယ်လို့ သူက ပြောပါတယ်။

ပေါက်တောမြို့ပေါ်က လူနေရပ်ကွက်တချို့ကို ပေးဝေနေတဲ့ ရေတွေဟာလည်း ဆားငန်ရေတွေ ဝင်ရောက်နေတယ်လို့ ပေါက်တော ဒေသခံက ပြောပါတယ်။

ပေါက်တောမြို့နယ်ထဲက ငပြီကျွန်းရွာ၊ သရက်တောရွာတွေမှာလည်း မုန်တိုင်းဒဏ်ကြောင့် သောက်သုံးရေကန် ခြောက်ခုမှာ ဆားငန်ရေတွေ ဝင်ရောက်နေပြီး စစ်တွေမြို့ပေါ်ကနေ ရေ ၁၀ လီတာကို နှစ်ထောင်ကျပ်ဝန်းကျင်ဈေးနှုန်းနဲ့ ဝယ်ယူသုံးစွဲနေကြရတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။

အဲဒီ ငပြီကျွန်းရွာနဲ့ သရက်တောရွာတို့ဟာ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး အိမ် ၃၀၀ ဝန်းကျင်ဟာ မုန်တိုင်းကြောင့် ပျက်စီးခဲ့ရပါတယ်။

အလားတူပဲ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ရွာမှာတော့ အိမ် ၄၀၀ ကျော်မှာ ၉၅ ရာခိုင်နှုန်း ပျက်စီးခဲ့ရတယ်လို့ ကြိမ်ခွေမော်ရွာ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

RFA က မေးမြန်းခဲ့တဲ့ ဒေသခံ သုံးဦးစလုံးကတော့ မုန်တိုင်းပြီးကတည်းက လက်ရှိအချိန်အထိ သူတို့ကို ကူညီထောက်ပံ့တာတွေ မကြုံရသေးဖူးဘူးလို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ဟာ မိုခါမုန်တိုင်း ဒဏ်သင့် ဒေသတွေအတွက် ငွေကြေး ထည့်ဝင်ထားကြသလို စစ်ကောင်စီကလည်း ထောက်ပံ့ကူညီဖို့ စစ်ရေယာဉ်တွေနဲ့ အဖွဲ့တွေကို စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။