ပေါက်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည်ကိုးဦး ဒဏ်ရာရ
2024.02.13
ရခိုင်ပြည်နယ်မြောက်ပိုင်း ပေါက်တောမြို့ကို ဖေဖော်ဝါရီလ ၁၂ ရက် မနေ့ည ၁၁ နာရီခန့်မှာ စစ်ကောင်စီ တပ်က စစ်ရဟတ်ယာဉ်နဲ့ လာရောက်ဗုံးကြဲပြီး ပစ်ခတ်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် ကိုးဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရသူတွေဟာ ပေါက်တောမြို့နယ် ပွဲကြည့်တောင်ရွာကဖြစ်ပြီး ကျောက်ပြင်နဲ့ တောင်ဦးမော်ရွာတွေမှာ လာရောက်ခိုလှုံနေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ တောင်းဖူးနဲ့ ကျောက်ပြင်ရွာကို ဦးတည်ပြီး ဗုံးကြဲချခဲ့သလို စက်သေနတ်တွေနဲ့ပါ ပစ်ခဲ့တာကြောင့် ဒဏ်ရာရခဲ့ကြတာလို့ ကျောက်ပြင်ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“လေယာဉ်က ကျွန်တော်တို့ရွာကို ဗုံးအလုံးနှစ်ဆယ်ကျော် ချပါတယ်။ ပြီးတော့ စက်သေနတ်တွေနဲ့လည်း ပစ်ပါတယ်။ ရွာအရှေ့ဘက်က ကျတဲ့နှစ်လုံးက အိမ်ရှေ့မှာကျတာဆိုတော့ အိမ်အောက်မှာဝပ်နေတဲ့သူတွေ ထိသွားတာ”
ဒဏ်ရာရသူကိုးဦးထဲက ခုနစ်ဦးကတော့ ဒဏ်ရာပြင်းထန်ကြတာကြောင့် တခြားရွာတစ်ခုသို့ ပြောင်းရွှေ့ပြီး ဆေးကုသမှု ပေးနေရတယ်လို့ ဆိုပါတယ်။
ဒေသခံစစ်ဘေးဒုက္ခသည်တွေ ဒဏ်ရာရခဲ့တဲ့အပြင် ဒေသခံတွေရဲ့ ငါးဖမ်းစက်လှေတွေနဲ့ နေအိမ်တွေပါ ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေး သလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲစခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်ဒီနေ့အထိ သုံးလအတွင်း အရပ်သား ၁၂၀ ကျော်သေဆုံးပြီး ဒဏ်ရာရရှိသူ ၂၆၀ ကျော်အထိ ရှိလာပြီဖြစ်ပါတယ်။