ပေါက်တော ဒေသခံ တစ်ရာကျော်ကို AA ထပ်မံကယ်ထုတ်
2023.11.24

ရခိုင်ပြည်နယ် ပေါက်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံ ၁၀၄ ဦးကို နိုဝင်ဘာလ ၂၂ ရက်နေ့က ဒုတိယအကြိမ် ကယ်ထုတ်ပြီး လုံခြုံတဲ့နေရာတွေကို ပို့ဆောင်ထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က မနေ့က ထုတ်ပြန်ပါတယ်။
ပေါက်တောမြို့တွင်းမှာ စစ်ကောင်စီတပ်က နေရာယူထားတဲ့ နေရာသုံးခုကို AA က ဝင်ရောက်တိုက်ခိုက်ပြီး ဒေသခံပြည်သူတွေကို ကယ်ထုတ်ခဲ့တာလို့ဆိုပါတယ်။ အဲဒီလှုပ်ရှားမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒီအရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း ပေါက်တောမြို့တွင်းက ဒေသခံ ၁၂၀ ကို ပထမအကြိမ် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပြောဆို ထားပါတယ်။ ကျန်ရှိနေသေးတဲ့ ပြည်သူတွေကိုလည်း ဆက်လက်ကယ်ထုတ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းကာအဖြစ် ထိန်းသိမ်းခံထားရတာလို့ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အဲဒီဒေသခံတွေဟာ အရင်ကတည်းက သူ့အိမ်နဲ့သူ နေထိုင်နေကြသူတွေဖြစ်ပြီး AA အဖွဲ့က မြို့ထဲမှာနေရာယူဖို့ ဒေသခံတွေကို နှင်ထုတ်ခဲ့တာဖြစ်တယ်လို့ နိုဝင်ဘာလ ၂၂ ရက်နေ့ နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် တုံ့ပြန်ပြောဆိုထားပါတယ်။
ပေါက်တောမြို့မရဲစခန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက အင်အားတွေသုံးပြီး ပြန်လည်ထိန်းချုပ်ထားတာပါ။
နိုဝင်ဘာလ ၂၃ ရက်နေ့ မနေ့ နေ့လယ်ပိုင်းတော့ ပေါက်တောမြို့အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရပ်ကွက်တချို့က နေအိမ်တွေ မီးလောင်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောဆိုကြပါတယ်။