ပေါက်တောမှာ မွတ်စလင်ဒုက္ခသည်စခန်း မီးလောင်
2014.01.16

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော် မွတ်စလင်ဒုက္ခသည်စခန်းမှာ ဒီကနေ့မနက် ၁ နာရီလောက်က မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ထောင်စု ၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရံှုးမှုတွေနဲ့ ပတ်သက်ပြီး ပေါက်တောမြို့နယ် ရဲအရာရှိတစ်ဦးက RFA ကို ခုလို ပြောပါတယ်။
“ဆင်တက်မော်ကျေးရွာ ဘင်္ဂ ါလီကယ်ဆယ်ရေး စခန်းမှာ ဖြစ်တာပါ။ အဆောင်အမှတ် ၈၇၊ အဲဒီကနေ စလောင်တာလေ မီးက။ ဆုံးရှုံးသွားတာက နေအိမ် ၈ ခန်းတွဲအဆောင် ၃၁ လုံး၊ မီးဖိုဆောင်က ၆ လုံး၊ စာသင်ဆောင်က ၂လုံး၊ ပေါင်း ၃၉ လုံး ပျက်စီးဆုံးရှုံးသွားပါတယ်”
အဲဒီမီးဟာ ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၁ နာရီလောက်လောင်ကျွမ်းအပြီးမှာ မီးငြိမ်း သွားခဲ့ပါတယ်။
ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေ အဲဒီဒုက္ခသည်စခန်းကို ရောက်နေပြီး ဒုက္ခသည်တွေအတွက် လတ်တလောလိုအပ်ချက်တွေကို စီမံဆောင်ရွက်နေတယ်လို့လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။