ပေါက်တောပြင်စခန်းက ဒုက္ခသည် တစ်ထောင်ကျော် ထွက်ပြေး


2019.06.11
pauktawpyin-monestry-refugees-622.jpg ပေါက်တော်ပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ၂၀၁၉၊ ဇွန် ၄ ရက်နေ့က တွေ့ရစဉ်
Photo: Khin Saw Wai

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှာရှိတဲ့ ပေါက်တောပြင် ဘုန်ကြီးကျောင်း စစ်ဘေး ဒုက္ခသည်စခန်းကို တပ်မတော်က ဝင်ရောက်စစ်ဆေးဖို့ ကြိုးစားတာကြောင့် အဲဒီမှာခိုလှုံနေသူ ၁ ထောင်ကျော် ထွက်ပြေးသွားကြောင်း ပေါက်တောပြင် စစ်ဘေးဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်တောပြင် ဘုန်းကြီးကျောင်းရှေ့ကို မနေ့မနက်ကစပြီး တပ်မတော်သားတွေ ရောက်ရှိလာပြီးနောက်ပိုင်း စခန်းမှာ ခိုလှုံနေတဲ့ မိသားစု ၂၀၀ နီးပါးက ဒုက္ခသည် ၁ ထောင်ကျော်ဟာ မနေ့ကနဲ့ ဒီနေ့မနက်တွေမှာ ထွက်ပြေး သွားတာဖြစ်ကြောင်း ပေါက်တောပြင် စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဆရာတော် အရှင်သဘာဝနဒီ က RFA ကို မိန့်ကြားပါတယ်။

"ဘုန်းကြီးကျောင်းရှေ့မှာ တပ်မတော်သားတွေ စောင့်ဆိုင်းနေပေမယ့် ဘုန်းကြီးကျောင်းအတွင်း ဝင်ထွက်သွားလာတာတွေကို တပ်မတော်က တားဆီးတာမရှိပါဘူး။
အဲဒါကြောင့် ဒုက္ခသည်ထောင်နဲ့ချီပြီး စခန်းထဲက ထွက်ပြေးသွားကြတာဖြစ်ပါတယ်"

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပေါက်တောပြင် စစ်ဘေးဒုက္ခသည် စခန်းမှာ AA တပ်ဖွဲ့ဝင်တွေ ရှိနေကြောင်း သတင်းအရ တပ်မတော်က ဝင်ရောက်စစ်ဆေးဖို့ ကြိုးစားခဲ့ တာဖြစ်ကြောင်း RFA ကို မနေ့ညက ပြောဆိုထားပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ အရပ်သားနဲ့ စစ်ဘက်ဆိုင်ရာခွဲခြားမြင်ပြီး ဥပဒေနဲ့အညီသာ ဆောင်ရွက်နေကြောင်း လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကိုပြောပါတယ်။

တပ်မတော်က ဝင်ရောက်စစ်ဆေးဖို့ တောင်းဆိုတာကို ပေါက်တောပြင် စစ်ဘေးဒုက္ခသည်စခန်း တာဝန်ရှိသူတွေက လက်မခံပဲ အရပ်ဝတ်နဲ့ လာရောက်စစ်ဆေးဖို့ ပြောဆိုတာကြောင့် ဒီနေ့ မနက်အထိ တပ်မတော်သားတွေဟာ ဒုက္ခသည်စခန်းအပြင်ဘက်မှာ စောင့်ဆိုင်းနေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီနေ့မနက်မှာတော့ လဝကအဖွဲ့နဲ့ မြို့နယ် သံဃနာယကအဖွဲ့ဆရာတော်တွေ ပေါက်တောပြင် ဘုန်းကြီးကျောင်းကို ရောက်ရှိလာပြီး ဒုက္ခသည်စာရင်းတွေကို ကောက်ခံတာတွေ ဆောင်ရွက်နေကြောင်း ဆရာတော် အရှင် သဘာဝနဒီ က မိန့်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရဟတ်တောင်၊ ဂန်းဂါ၊ ပိုးရွီပြင်၊ ကြက်စာသလဲ၊ ခနောင်းကြီး စတဲ့ ရွာ ကိုးရွာက စစ်ဘေးဒုက္ခသည် ၃ ထောင်ကျော်ဟာ ပေါက်တောပြင် စစ်ဘေးရှောင်စခန်းမှာ လာရောက်ခိုလှုံနေတာဖြစ်ပါတယ်။

အများစုဟာ တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာကြတာထက် ရွာထဲမှာ တပ်မတော်က တပ်စွဲနေထိုင်တာ၊ တပ်မတော်က ဖြတ်သန်းသွားလာတာတွေကြောင့် ရွာတွေကနေ ကြောက်ရွံ့ပြီး စစ်ဘေးဒုက္ခသည်စခန်းကို ရောက်လာတဲ့သူတွေ များတယ်လို့ သိရပါတယ်။

ပေါက်တောပြင်ရွာမှာခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ၃ ထောင်ကျော်ထဲက ၁ ထောင်ကျော်ဟာ မနေ့ကနဲ့ ဒီနေ့မနက်မှာ ထွက်ပြေးသွားကြတာဖြစ်ပြီး မူလကျေးရွာတွေကို ပြန်သွားကြတာလား၊ တခြားဒုက္ခသည်စခန်းကို ထွက်ပြေးသွားတာလားဆိုတာကိုတော့ မသိရသေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။