သပိတ်မှောက်ကျောင်းသားများ ရန်ကုန်သို့ ဆက်လက်ချီတက်မည်
2015.02.12

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးအတွက် သပိတ်မှောက် ကျောင်းသားကျောင်းသူတွေ တောင်းဆို ထားတဲ့ အချက် ၁၁ ချက်ကို အစိုးရက မူအရသဘော တူညီထားပေမဲ့ ပေါင်းတည်မြို့မှာ ရောက်ရှိနေတဲ့ သပိတ်စစ်ကြောင်းက ဆက်လက်ချီတက်ဖို့ ဆုံးဖြတ် လိုက်ကြပါတယ်။
မူအရ သဘောတူတယ်ဆိုတာ အသေအချာခိုင်မာတဲ့ ကတိကဝတ်လို့ မယူဆသေးကြောင်း ပေါင်းတည် မြို့မှာ ရောက်နေတဲ့ သပိတ်စစ်ကြောင်းက ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင်ကော်မတီဝင် ကိုသီဟဝင်းတင် က ပြောပါတယ်။
"အဓိကကတော့ ကျနော်တို့ မနေ့က မူအရသဘော တူညီခဲ့တယ်ပြောတာ သေချာခိုင်မာတိကျတဲ့ ကတိကဝတ်ဆိုတာတော့ ကျနော်တို့မရခဲ့ဘူးပေါ့နော်၊ ကျနော်တို့မှာ သာဓကတွေက အများကြီးရှိတယ်၊ ဆွေးနွေးပွဲကတစ်ဖက် ဖိအားပေးမှုတွေကတစ်ဖက်ဆိုတာ ကျနော်တို့ အမြဲတမ်းကြုံနေရတယ်၊ အဓိကကတော့ အစိုးရအနေနဲ့ မရိုးသားဘူးလို့ ကျနော်တို့ခံစားနေရတယ်၊ ကျနော်တု့ိ ကျောင်းသားကိုယ်စားလှယ်တွေ ကိုယ်တိုင်ကိုက မူအားဖြင့် သဘောတူညီခဲ့ပေမဲ့ ၁၄ ရက်နေ့အထိ ရလဒ်ကိုစောင့်ကြည့်မယ်ဆိုပြီးတော့ ပြောတယ်ပေ့ါနော်၊ ကျနော်တို့က ဒီဥစ္စာကို ဆွေးနွေးပွဲကို သတိထားကြီးစွာ နဲ့ စောင့်ကြည့်ပြီးတော့ ဆွေးနွေးပွဲရလဒ်ကောင်းရအောင် ဖိအားပေးတဲ့အနေနဲ့ လမ်းလျှောက်ချီတက်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်"
မနက်ဖြန်မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ အခမ်းအနားတွေကို တစ်နိုင်ငံလုံးမှာ ကျင်းပမှာဖြစ်တဲ့အတွက် မန္တလေးမြို့ကနေ ချီတက်လာတဲ့ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေ ဟာ ပေါင်းတည်မြို့မှာပဲ ရပ်နားထားမှာဖြစ်ပါတယ်။
မွန်ပြည်နယ် ကျိုက်ထိုမြို့ကို ရောက်ရှိနေတဲ့ ထားဝယ်နဲ့ မြေလတ်သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေထဲက ၁၀၀ နီးပါးဟာ မနေ့ညက နေရပ်ကို ပြန်ကြတယ်လို့ သိရပါတယ်။
ကျောင်းသား ကျောင်းသူ ၁၀၀ နီးပါးကို သူတို့ရဲ့မိဘတွေ စိုးရိမ်ပူပန်မှာစိုးတာကြောင့် ပြန်လွှတ်လိုက် တာဖြစ်တယ်လို့ သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။
မြေလတ်သပိတ်လမ်းကြောင်းမှာ ပခုက္ကူ၊ မုံရွာ၊ ချောက်၊ ရေနံချောင်း၊ မကွေးနဲ့ အောင်လံက ကျောင်း သား ကျောင်းသူတွေ ပါဝင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေဟာ မအူပင်မြို့မှာ ဒီလ ၁၄ ရက်နေ့အထိ ရပ်နားမှာဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ NNER နဲ့ သပိတ်မှောက်ကျောင်း သား ခေါင်းဆောင်တွေက ဒီလ ၁၄ ရက်နေ့ ရန်ကုန်မြို့မှာ ဆက်လက်ညှိနှိုင်းဆွေးနွေးကြမှာဖြစ်ပါတယ်။
အနယ်နယ်အရပ်ရပ်ကချီတက်လာတဲ့ ကျောင်းသားသပိတ် ဦးဆောင်သူတချို့ရဲ့ သဘောထားတွေကို RFA အဖွဲ့သူ မခက်မာက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။