PR စနစ်မကျင့်သုံးရေး ပေါင်းတည် မှာ ဆန္ဒပြတောင်းဆို
2014.11.09

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို မကျင့်သုံးဖို့ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့ မှာ ဒေသခံ ၁၅ဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
PR စနစ်က တခြားနိုင်ငံတွေမှာ ကျင့်သုံးတာ အဆင်ပြေပေမယ့် လက်ရှိမြန်မာနိုင်ငံ အခြေအနေနဲ့ ကျင့်သုံးဖို့ မဖြစ်နိုင်ကြောင်း PR စနစ်ရဲ့ ဆိုးကျိုးတွေကို အဖွဲ့ခေါင်းဆောင်တွေ က ပြောပြကြောင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ဦးချစ်ကို က ပြောပါတယ်။
"ကျနော်တို့နိုင်ငံက ဒီ PR စနစ်ကျင့်သုံးဖို့က လုံးဝဝေးပါသေးတယ်၊ PR ပီအာစနစ် ဆိုတာ ကောင်းလည်းကောင်းတယ်လေ၊ ဒါပေမဲ့ နော်ဝေနိုင်ငံတို့ဘာတို့မှာ PR စနစ်ကျင့်သုံးခဲ့တယ် ဆိုတဲ့ဥစ္စာက သူတို့ဆီမှာအစိတ်သားဆိုတာမရှိဘူးလေ၊ ၂၅ ရာခိုင်နှှုန်းက ကျနော်တို့ဆီမှာရှိတယ်၊ ၂၅ ရာခိုင်နှှုန်းရှိတဲ့အတွက် ဒီ PR စနစ်ကို ကျနော်တို့က လုံးဝလက်မ ခံနိုင်ပါဘူး၊ ပြီးတော့ မြို့နယ် အသေးလေးနဲ့ နိုင်ငံမှာပေါ့နော် PR စနစ်က သူတို့က သက်သက်မဲ့ ကျင့်သုံးဖို့ ပြောနေတဲ့ဟာကို ကျနော်တို့က လုံးဝကိုကန့်ကွက်တာပါခင်ဗျ"
ဆန္ဒပြပွဲမှာ ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ လူ့ဘောင်သစ်ပါတီဝင်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေဟာ အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုကို ဖော်ထုတ် အရေးယူပေးဖို့၊ တရားဥပဒေ စိုးမိုးမှုရှိဖို့နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။