ပဇီကြီးရွာအနီးကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်
2023.04.14

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခဲ့မှုမှာ ရွာအပြင်ဘက် က သီးခြားရှိနေတဲ့ အဆောက်အအုံကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြဝတီသတင်းစာကနေတစ်ဆင့် ဧပြီလ ၁၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပဇီကြီးရွာအနီးမှာ အမျိုးသားညီညွတ်ရေးအစိုးရရုံး အဖြစ် တည်ဆောက်ပြီး ဖွင့်ပွဲလုပ်ဖို့ စီစဉ်ခဲ့တာကြောင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter – Terrorism Operation) အဖြစ် ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ထိခိုက်သေဆုံးမှုတွေအထဲ လေကြောင်းတိုက်ခိုက်မှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ စခန်းထဲက မိုင်းတွေ၊ လက်နက်၊ ခဲယမ်းတွေ၊ လက်လုပ်မိုင်းနဲ့ ပဒေသာမိုင်းတွေ ထပ်မံပေါက်ကွဲခဲ့တာကြောင့်ဖြစ်ပြီး သေဆုံးသူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ထောက်ခံအားပေးသူတွေဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ ပဇီကြီးကျေးရွာက အရင်ရှိခဲ့တဲ့ အုပ်ချုပ်ရေးမှူးရုံးကို ရွာအပြင်ဘက် ရွှေ့ဆောက်ခဲ့ပြီးနောက် ရွာဓလေ့အရ ဧည့်ခံကျွေးမွေးကြတာ ဖြစ်ပြီး စစ်စခန်းတစ်ခုမဟုတ်တာကြောင့် စစ်ရေးပစ်မှတ်မဟုတ် ဘူးလို့ ဧပြီလ ၁၄ ရက် ဒီကနေ့ မနက်ပိုင်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြောကြားချက်ထဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရပြီး လူသေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံကတော့ စစ်ကောင်စီဘက်က ထုတ်ပြန်သလို အဆောက်အအုံထဲက လက်နက်၊ ခဲယမ်း တွေ ထပ်ဆင့်ပေါက်ကွဲတာကြောင့် သေဆုံးတာမဟုတ်ဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာလို့ RFA ကို ပြောပါတယ်။
“အဲဒါက မဟုတ်ဘူးဗျ။ အဆောက်အအုံထဲမှာ ဘာမှမရှိပါဘူး။ လေကြောင်း တိုက်ခိုက်လို့ သေကြရတာ။ နောက်တစ်ခုက စစ်ရေးပစ်မှတ် ဟုတ်၊ မဟုတ်ဆိုတာ သေဆုံးသွားတဲ့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေက သက်သေပဲလေ”
ဧပြီလ ၁၁ ရက် မနက်ပိုင်းက ပဇီကြီးရွာကို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလ ၁၃ ရက် ညနေပိုင်းအထိ သေဆုံးသူအရေအတွက် ၁၆၈ ဦးအထိရှိလာပြီလို့ မြေပြင် ကူညီရေးအဖွဲ့တွေရဲ့ ပေးပို့ချက်ကို ကိုးကားပြီး ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေအထဲ အသက် ၁၀ နှစ်အောက် ကလေးငယ် ၂၅ ဦး၊ အသက် ၁၆ နှစ်အောက် ကလေးငယ် ၁၂ ဦး၊ အမျိုးသား ၁၂၁ဦး၊ အမျိုးသမီး ၄၇ ဦးတို့ ပါဝင်ပါတယ်။
ပဇီကြီးရွာဒေသခံ ၁၀၀ ကျော်က သေဆုံးအထဲအများဆုံးပါနေပြီး ရွာသာယာ၊ လေးတွင်းဇင်၊ မယ်ဇတော၊ ထနောင်း ကိုင်းကြီးနဲ့ သယာမွန် စတဲ့ရွာက ဒေသခံတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။