ငြိမ်းချမ်းရေးကော်မရှင်နဲ့ KIO တို့ တရုတ် ကူမင်းမှာတွေ့မည်


2019.01.18
pc-622.jpg အစိုးရငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး တို့ကို တွေ့ရစဉ်
Photo: Peace Commission FB

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့လာမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်မယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာ က RFA ကို ဒီနေ့ ပြောပါတယ်။

တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်ဆောင်ရွက်ဖို့နဲ့ Bi-Literal ခေါ် နှစ်ဖက်သဘောတူညီမှုတွေ ရရှိရေးအတွက် အကြိုဆွေးနွေးကြမှာလို့ ပြောပါတယ်။

ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံနိုင်ဖို့ KIA ဘက်က ပြောကြားလာတဲ့အတွက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ကြားဝင်ညှိနှိုင်းတာလို့လည်း သိရပါတယ်။

တဆက်တည်းမှာပဲ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ လူမူကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာ “ ဗမာ့တပ်မတော်ကတော့ KIA ကို အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့လို့ပြောတယ်။ NRPC ကတော့ မည်သို့ ပြောမည်မသိ” ၊ တွေ့ရင်မေးဖို့ မှတ်သားထားသည်ဆိုပြီး  မနေ့က ရက်စွဲနဲ့ ရေးသားဖော်ပြထားပါတယ်။

တပ်မတော်က ကချင်နဲ့ ရှမ်းပြည်နယ် အပါအဝင် စစ်တိုင်း ၅ ခုမှာ စစ်ဆင်ရေးတွေ ၄ လကြာ ရပ်ဆိုင်းထားပြီး NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ကြေညာထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်းက ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။