အစိုးရနဲ့ မြောက်ပိုင်းအဖွဲ့ တေ့ွဆုံပွဲ သြင်္ကန်ကာလနောက်ပိုင်း ရွှေ့ဆိုင်း


2019.04.03
peace-commission-622.jpg UWSA , NDAA , SSPP , KIO , AA , TNLA , MNDAA ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ နေပြည်တော်မှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်
Photo: Hla Maung Shwe - facebook

ကေအိုင်အိုအပါအဝင် မြောက်ပိုင်းအဖွဲ့ လေးဖဲ့ွနဲ့ အစိုးရ တို့ Bilateral ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးဆွေးနွေးပွဲကို သြင်္ကန်ကာလနောက်ပိုင်းကို ရွှေ့ဆိုင်းထားကြောင်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

သြင်္ကန်မတိုင်ခင် တေ့ွဆုံဖို့ မူလက လျာထားပေမယ့် နှစ်ဖက် မအားလပ်တာကြောင့် သြင်္ကန်ကာလအပြီးမှ တေ့ွဆုံဖို့ ဆုံးဖြတ်လိုက်တာလို့ ဦးလမိုင်ဂွန်ဂျာက RFA ကို ဒီနေ့ ပြောပါတယ်။ တေ့ွဆုံမယ့်နေ့ရက်ကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ အဲဒီတေ့ွဆုံပွဲကို အစိုးရဘက်က မေမြို့မှာ ကျင်းပဖို့ အဆိုပြုထားပြီး မြောက်ပိုင်းအဖွဲ့တွေဘက်ကတော့ မူဆယ်မြို့မှာ ကျင်းပဖို့ အဆိုပြုထားတဲ့အတွက် နေရာကိုလည်း မဆုံးဖြတ်ရသေးဘူးလို့ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

မူလက သြင်္ကန်မတိုင်ခင် တစ်ကြိမ်၊ သြင်္ကန်ကာလအပြီးမှာ တစ်ကြိမ် တေ့ွဆုံဖို့ စီစဉ်ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မတ်လကုန်လောက်က ပြောထားတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်း အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KIO၊ TNLA၊ AA နဲ့ MNDAA အဖွဲ့တို့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တေ့ွဆုံခဲ့ပြီးနောက် မတ်လ ၂၁ ရက်နေ့မှာတော့ အစိုးရ၊ တပ်မတော် နဲ့ မြောက်ပိုင်းအဖွဲ့တွေအပါအဝင် အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နေပြည်တော်မှာ တေ့ွဆုံခဲ့ပါတယ်။

AA အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တောင်းဆိုနေတဲ့ ပဏာမ အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ တပ်မတော်၊ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့နဲ့ ဆွေးနွေးနေချိန်မှာပဲ ရခိုင်ပြည်နယ်က ရဲစခန်းတချို့ကို AA ကတိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်က လက်မခံတော့ဘဲ ပျက်သွားခဲ့တာဖြစ်ပါတယ်။

အစိုးရတပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ AA အဖွဲ့က NCA လက်မှတ်ရေးထိုးမယ်ဆိုတဲ့ ကတိကို ပဏာမအပစ်ရပ်စာချုပ်မှာပါရင် လက်ခံမယ်လို့ မတ်လ ၂၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။