တမူးရွေးကောက်ပွဲကော်မရှင်ရုံးကို PDF နဲ့ ABSDF မီးရှို့

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.01.19
တမူးရွေးကောက်ပွဲကော်မရှင်ရုံးကို PDF နဲ့ ABSDF မီးရှို့ မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့ရွေးကောက်ပွဲကော်မရှင်ရုံးအနီးမြင်ကွင်း
ဓာတ်ပုံ-တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုတားမြစ်သတိပေးတဲ့အနေနဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့ရွေးကောက်ပွဲကော်မရှင်ရုံးကို ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံဗိုလ်စင်္ကြာက RFAကို ပြောပါတယ်။

ရုံးတွင်း စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီတပ်ဖွဲ့‌တွေ လိုက်လံပစ်ခတ်ပေမယ့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကိုလည်း ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ဗိုလ်စင်္ကြာက RFA ကို ပြောပါတယ်။

“တရားမဝင်ရွေးကောက်ပွဲကို ပြည်သူကလည်း လက်မခံဘူး မဖြစ်အောင်လည်းတားမှာ ရတဲ့နည်းနဲ့ပေါ့။ သူတို့ဟာ သူတို့ ကလိမ်ကကျစ်ကျပြီးတော့ စာရွက်ပေါ်မှာ ရွေးကောက်ပွဲ လုပ်ရင်တော့ မသိဘူးပေါ့။ မြေပြင်မှာတော့ အတတ်နိုင်ဆုံးမဖြစ်အောင်တားမယ် ဒီရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်တဲ့လူတွေ အဆောက်အဦတွေ အားလုံးလည်း သတိပေးထားပြီးတဲ့အတိုင်း ဖြစ်တယ်။ ပြောတဲ့အတိုင်းလုပ်မယ်”

တမူးမြို့ပေါ်မှာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူတာတွေ လုပ်ဆောင်တာမျိုး မရှိသေးဘဲ ပြင်ဆင်နေတာတွေရှိတယ်လို့ ပြောပါတယ်။

တမူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ဆုံးရှုံးမှု အခြေအနေကို သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေး ဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

တမူးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမီးရှို့ ဖျက်ဆီးမှုကို တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကျောင်းသား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၅ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မြန်မာနိုင်ငံအနှံ့ လူဦးရေစာရင်း ကောက်ယူနေပြီး တော်လှန်ရေးအင်အားစုတွေဘက်ကလည်း တားမြစ်နိုင်ဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။