မြင်သားကျေးရွာ လူငယ် ရှစ်ဦး အရှင်ဖမ်းမိပြီးမှ ပစ်သတ်ခံရလို့ ယော PDF ပြော
2021.09.10

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာသား ၁၇ ဦး စက်တင်ဘာ ၉ ရက်နေ့က သေဆုံးခဲ့ပါတယ်။ လူငယ် ၁၄ ဦးနဲ့ လူကြီး ၃ ဦးဖြစ်ပါတယ်။ လူငယ်တွေဟာ အသက် ၂ဝ အောက်တွေ ဖြစ်ကြပြီး လူကြီးတွေကတော့ အသက် ၇ဝ ကျော် သက်ကြီးရွယ်အိုတွေဖြစ်ပါတယ်။ ယော PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျိုးဖြူက သူတို့အဖွဲ့အနေနဲ့ အဲဒီနေ့ညနေမှာ မြင်သားကျေးရွာကို သွားရောက်ခဲ့ရာမှာ စကစတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်တဲ့အတွက် ရွာထဲကိုဝင်လု့ိမရခဲ့ကြောင်း၊ စက်တင်ဘာ ၁ဝ ရက်နေ့မနက်မှာတော့ စကစ တပ်တွေက ရွာထဲက ဈေးဆိုင်တချို့ကို မီးရှို့ပြီး ဆုတ်ခွာသွားကြောင်း၊ အဲဒီ နှစ်ရက်အတွင်း မီးရှို့ခံရတဲ့အိမ် ၁၅ အိမ်ခန့်ရှိပြီး ရွာထဲက အိမ်အကောင်းဆုံးတွေဖြစ်ကြောင်း ပြောပါတယ်။ စကစတပ်တွေကို လူငယ်တွေ အရင်နေ့က ခုခံခဲ့တဲ့ ရွာထိပ်က တံတားကိုရောက်ရှိသွားချိန်မှာတော့ ကြေကွဲစရာတွေကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“အဲဒီမှာ အစုအပြုံလိုက် သေနေတာ တွေ့ရတယ်။ တချို့ကျတော့ လက်နက်ကြီးကျပြီး တတောင်တို့ ပေါင်တို့ပြတ်ပြီး ဒဏ်ရာဗလပွနဲ့ သေတာရှိတယ်။တချို့ကလေးတွေကျတော့ ကျနော်ခန့်မှန်းရတာတော့ လက်နက်ကြီးကျတော့ လန့်ဖြန့်ပြီး သူတို့နောက်ဆုတ်ရမှာ မသိတော့ဘူး။ စစ်ရေးအတွေ့အကြုံ မရှိတာရော သင်တန်းတက်ထားတာလဲ မဟုတ်တော့ ဆုတ်လမ်း တက်လမ်းတွေလဲ မသိဘူးလေ၊ အဲဒီမှာ ခံရတာ။ သူတို့ အရှင်ဖမ်းပြီး အဲဒီအရှင်ဖမ်းမိတဲ့အချိန်မှာ ခေါင်းကိုပစ်သတ်တာ လုံးဝထင်ရှားတယ်။ အရှင်ဖမ်းမိတာ ၈ ယောက်လောက်ရှိမယ် ခေါင်းတွေကို ပစ်ထားတာ ပြီးတော့ သေနတ်ဒင်တွေနဲ့ ထုထားတာ၊ အဲလိုတွေ့ရတော့ လုံးဝစိတ်မကောင်းဘူး”

အဲဒီနောက် သူတို့ ရွာအတွင်းရှင်းလင်းရေး လုပ်ဆောင်ရာမှာ နောက်ထပ်လူကြီး သုံးဦးသေဆုံးနေတာတွေကို မြင်ရပါတယ်။
“ကနဦးဆုံး သက်ကြီးရွယ်အိုတယောက် တွေ့တယ် လက်ပြန်ကြိုးတုပ်ထားတာ မှောက်ခုံအနေအထား သေတာ။ လက်ပြန်တုပ်ပြီး ပစ်သတ်သွားတာ ကျောကို ၄ -၅ ချက်လောက် ရှိတယ်။ ကျနော်တို့တွေ့ခဲ့တယ်၊ နောက် သက်ကြီးရွယ်အိုတယောက် ကုလားထိုင်မှာ ကြိုးနောက်ကတုပ်ပြီး ရှေ့ကပစ်သတ်ထားတာ။ နောက်တယောက်ကျတော့ အိမ်ထဲမှာပဲ။ ဒါလဲသက်ကြီးရွယ်အိုဘဲ မီးထဲပါသွားတာ သူတို့ရှို့တဲ့ထဲမှာ ထပ်တွေ့ရတာ။ အားလုံးက ၇ဝ အထက်မှာပဲရှိမယ်”
တဆက်တည်းမှာပဲ စစ်ကောင်စီတပ်တွေဟာ ရွာသားတွေထွက်ပြေးသွားခဲ့တဲ့အချိန်တွေအတွင်း အိမ်တွေမှာရှိတဲ့ပစ္စည်းတွေကို ရှာဖွေစားသောက်ယူဆောင်သွားတာကို တွေ့ရကြောင်းနဲ့ သေဆုံးသူတွေကို ထင်းတွေပုံပြီး သူတို့ မီးသဂြိုလ်ခဲ့တယ်လို့လည်း ကိုဂျိုးဖြူက ပြောပါတယ်။
“သေနေတဲ့အလောင်းတွေကို ကျနော်တို့ စုတယ်၊ ရွာသားတွေ နဲ့ စုပေါင်းပြီး အလောင်းတွေကို တနေရာတည်းစုပြီး သင်္ဂြိုဟ်လိုက်တာ။ အဲဒါ မနေ့ညနေ ၄ လောက်က သင်္ဂြိုဟ်လိုက်တာ”
ဒီဖြစ်ရပ်ကြောင့် သူတို့အနေနဲ့ စိတ်ဓာတ်တွေ ကျဆုံးသွားပြီလားလို့ RFA ကမေးပါတယ်။
“လူငယ်တွေ လူကြီးတွေ သတ်ဖြတ်ခံရတာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရက်ရက်စက်စက် လူမဆန်တဲ့လုပ်ရပ်တွေ လက်နက်နဲ့ အနိုင်ကျင့်တာတွေကို တော်တော်ဒေါသထွက်တယ်။ ကျနော်တို့ နိုင်ငံမှာ ဒီကောင်တွေ လုံးဝမရှိစေရဘူးဆိုတဲ့ စိတ်ခံစားချက် ပိုပြီး ပြင်းထန်လာတာပေါ့။ စိတ်ဓာတ်ကျသွားတယ်ဆိုတာ မရှိဘူး။ ဒီကောင်တွေကို ရတဲ့နေရာမှာ ရတဲ့နည်းနဲ့ဆက်ပြီး တော်လှန်မယ်ဆိုတဲ့စိတ် ပိုပြီး ခိုင်မာလာတာပေါ့လေ”
တော်လှန်ရေးနယ်မြေရောက် စာရေးဆရာ သွန်းနေစိုးကလည်း အခုလို မြင်သားရွာမှာ ဖြစ်ပျက်ခဲ့မှုကြောင့် စစ်ကောင်စီကို လူထုရဲ့နာကျည်းချက်တွေ ပိုမိုလာမှာဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။
“ဖမ်းမိသွားတဲ့အချိန်မှာ လက်နောက်ပြန်ကြိုးတုပ်ပြီး ခေါင်းကိုပွင့်ထွက်အောင် ပစ်သတ်တဲ့ ကိစ္စဟာ သူတို့က ပြည်သူကို ရန်သူလိုကျင့်သုံးတာဖြစ်တယ်၊ ဒီလုပ်ရပ်သည် လူမဆန်တဲ့လုပ်ရပ်၊ အခုလိုမျိုးလုပ်လိုက်လို့ လူတွေကြောက်သွားမယ် လူတွေဦးကျိုးသွားမယ်လို့ သူတို့ထင်တယ်။ ဒါ အလယ်ခေတ်ကဆို ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာမှအတွေးအခေါ်တွေ မဖွံံ့ဖြိုးသေးတဲ့အချိန် အုပ်ချုပ်ရေးစနစ်ကို နားမလည်သေးတဲ့အချိန်မှာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီ့ထက်ပို ပြောရရင် ၈၈ တုန်းကတောင် ဒါမျိုးလုပ်လို့ ရကောင်းရနိုင်လိမ့်မယ်။ ကျနော်တို့ အခု အင်မတန် ပွင့်လင်းတဲ့ခေတ်ကို ဖြတ်သန်းခဲ့ပြီ။ ဒီလိုအလုပ်ခံရတဲ့ ဒေသက လူတွေတင်မကဘူး ဒီသတင်းကိုကြားတဲ့ ကျနော်တို့ကအစ အသားတဆတ်ဆတ်တုန်လောက်အောင် ဒေါသထွက်ပါတယ်။ ကျနော်တို့ရင်ထဲက မခံချင်စိတ်တွေ တော်လှန်ချင်စိတ်တွေကို ပိုပြီးပြန့်ပွားအောင် ပိုပြီးနိုးကြားအောင် ပိုပြီးအလျံတငြီးငြီးတောက်လောင်အောင် လုပ်လိုက်တာဖြစ်ပါတယ်။ စစ်တပ်ဟာ အဲလိုကြောင့်မို့ ဒီပွဲမှာ ရှုံးကို ရှုံးမှာဖြစ်တယ်။ ဒီလိုချိုးနှိမ်တဲ့အတွက်ကြောင့် တိုင်းသူပြည်သားတွေက တဖြည်းဖြည်းနဲ့ သူ့အပေါ်မှာ ဆန့်ကျင်တွန်းလှန်ချင်တဲ့စိတ်က အလျှံတငြီးငြီးတောက်လောင်လာပြီး ကျနော်တို့ ဒီနာကြည်းမှုကို အင်အားအဖြစ်နဲ့သုံးပြီး အရေးတော်ပုံအောင်မြင်ဖို့အတွက် အသုံးပြုကြပါ။ ဒီပွဲက ကျနော်တို့ ကျိန်းသေနိုင်ပြီး မင်းအောင်လှိုင် ကျိန်းသေရှုံးရမဲ့ပွဲ ဖြစ်ပါတယ်။”

ယောပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုဂျိုးဖြူကတော့ သူတို့ကို ပြည်သူတွေ ပိုမိုကူညီဖို့လိုတယ်လို့ ပြောပါတယ်။
“NUG ကလဲ ကျနော်တို့ကို ကူညီတာတော့ မှန်တယ်၊ ဒါပေမဲ့ ဒီနေ့အချိန်အထိ ခေတ်မီလက်နက် တပ်ဆင်ပေးတာတော့ မရှိဘူး။ ပြည်သူကို ကျနော်တို့ တခု တောင်းဆိုချင်တာက ကျနော်တို့ဖြစ်သလို အိပ်ရ ဖြစ်သလိုစားရ ဖြစ်သလိုနေရပါစေ ဒါပေမဲ့ ကျနော်တို့ထက်အစစအရာရာ လက်နက်အင်အား စစ်ရေးအတွေ့အကြုံသာလွန်တဲ့အင်အားကို တိုက်ရတဲ့အခါ ကျနော်တို့မှာ တူမီးတွေနဲ့တိုက်ရတယ် မိုးရေထဲမှာကျတော့ အဆင်မပြေဘူး။ ကျနော်တို့ခေတ်မီလက်နက်တွေသာရှိရင် ဒီကောင်တွေကို မကြာမီအချိန်တွင်းမှာ အမြစ်ပြတ်ချေမှုန်းနိုင်မယ်လို့ ကျနော်တို့ယူဆတယ်။ ဒါကြောင့် ပြည်သူတွေကို မေတ္တာရပ်ခံချင်တာက ကျနော်တို့ PDF တွေကို ကူညီပါ ပြည်သူတွေမှာ ခက်ခဲနေတာကိုလဲ ကျနော်တို့ သိပါတယ်။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မိုးထွန်း ကိုဆက်သွယ်ခဲ့ပေမယ့် ဖုံးလက်ခံဖြေကြားခြင်း မရှိပါဘူး။ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး စကစကို ဘဏ္ဍာရေးနဲ့ လက်နက်ပံ့ပိုးကူညီနေတဲ့ ဦးတေဇကို ဗြိတိန်နိုင်ငံက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒဏ်ခတ်ပိတ်ဆို့ခဲ့သလို အမေရိကန်ပြည်ထောင်စုကလည်း အဲဒီအရေးယူမှုကို ထောက်ခံခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံနိုင်ကြောင်း ပြောဆိုထားပါတယ်။