ကယားပြည်နယ်လွတ်လပ်ပြီးရင် ပြည်မအထိ တိုက်မယ်လို့ JPDF အဖွဲ့ပြော
2021.11.17
ဒီမိုကရေစီနည်းကျရွေးချယ်ထားတဲ့ အစိုးရကို အဓမ္မအာဏာသိမ်းဖယ်ရှားပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ လူထုကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လူမဆန်သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် လူငယ်လူကြီး ထောင်ပေါင်းများစွာဟာ အာဏာရှင်စနစ်ဆန့်ကျင်ဖယ်ရှားရေးအတွက် လမ်းမတွေပေါ်ကနေ တောတောင် တွေထဲကို ရောက်ရှိသွားကြပါတယ်။ နဂို ရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေမှာ သွားရောက်ခိုလှုံသူတွေရှိသလို မြေပြန့်ဒေသတွေမှာလည်း လူထုကို အကြမ်းဖက်သတ်ဖြတ်ပြီး မြို့တွေ ရွာတွေကို မီးရှို့ဖျက်ဆီးလုယက် မုဒိမ်းကျင့်နေတဲ့ အာဏာရှင်အုပ်စုသြဇာခံ လက်နက်ကိုင် တပ်ဖွဲ့တွေကို ပြည်သူတွေက ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့ပြီး ရရာလက်နက်တွေနဲ့ ခုခံတိုက်ခိုက်လာခဲ့ကြပါတယ်။
"ကျနော်တို့ဆို ၉ဝ ခုနှစ်ပိုင်း မွေးတာဆိုတော့ ၉ဝ မျိုးဆက်ရဲ့ တာဝန်လို့ ခံယူပြီးတော့ အဆင်ပြေနေတဲ့ ဘဝကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်"
အဲဒီဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဆယ်ဂဏန်းကနေ ထောင်ဂဏန်းအထိ အင်အားရှိပါတယ်။ ကယားပြည်နယ်မှာ မကြာမီက ဖွဲ့စည်းလိုက်တဲ့ အဖွဲ့လေးတစ်ခုကတော့ JPDF ဆိုတဲ့အဖွဲ့ပါ။ အဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ ကိုဘရာဂျာလို့ အမည်ဝှက်ပေးထားသူဖြစ်ပါတယ်။ သူက တောင်ကိုရီးယားမှာ အလုပ်အကိုင်တစ်ခုကို အခြေချလုပ်ကိုင်နေရာကနေ စစ်တပ်ရဲ့လူမဆန်မှုကြောင့် လက်နက်ကိုင် တော်လှန်ရေးကို သူရွေးချယ်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။
“ကိုရီးယားမှာ ဆန္ဒပြပွဲတွေ ကျနော်ဦးဆောင်လုပ်ခဲ့တာရှိတယ်၊ ၃ လ ပိုင်းမှာ စစ်ကောင်စီက လူတွေ ပစ်သတ်တာ ခေါင်းတွေကိုချိန်ပြီး ပစ်သတ်တာတွေအထိ ကျနော်တို့ မြင်တွေ့ရတယ်။ အဲဒီအချိန်မှာ ကျနော်ဆန္ဒပြတာ လုပ်နေရက်နဲ့ မတင်းတိမ်ဘူး၊ ကျနော်တို့ဆို ၉ဝ ခုနှစ်ပိုင်း မွေးတာဆိုတော့ ၉ဝ မျိုးဆက်ရဲ့ တာဝန်လို့ ခံယူပြီးတော့ အဆင်ပြေနေတဲ့ ဘဝကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကယားပြည်နယ်ကို စရောက်တော့ စစ်ရှောင်တွေကို ပထမ ကူရင်းနဲ့ သင်တန်းဆင်းကြတဲ့ရဲဘော်တွေနဲ့ စစ်ရှောင်ကူရာကနေ ကျနော်တို့ လက်နက်ကိုင်တော်လှန်မှ ရတော့မယ်ဆိုပြီး ဖွဲ့စည်းလိုက်တာပေါ့။ လက်ရှိ စစ်မြေပြင်မှာ စစ်ကူခေါ်ရင် လိုက်တယ်၊ ကယားပြည်နယ် မှာဆိုရင် KNDF ရဲ့ စစ်ရေးလမ်းညွှန်မှု နဲ့ပဲ သွားကြတာပေါ့။ ကျန်တဲ့အချိန်မှာ ကျနော်တို့ ကိုယ့်ကိုယ်ကို ပြင်ဆင်တယ်၊ သင်တန်းတွေ တက်တယ်။ ဒီပြည်နယ် လွတ်လပ်သွားရင် အဲဒီမှာ ရပ်မနေဘဲ ပြည်မတွေ တစ်နိုင်ငံလုံး မလွတ်လပ် သေးတဲ့နေရာတွေကို သွားကြမယ်။”
ဒီအဖွဲ့မှာ အသက် ၁၈ နှစ်ကနေ အသက် ၄၅ နှစ်ရှိသူတွေအထိပါဝင်ပါတယ်။ ဒီ JPDF အဖွဲ့ဟာ အင်အား သေးငယ်လှသေးတဲ့ အဖွဲ့လေးတခုပါ။ သူတို့ ဘယ်လိုကျော်ဖြတ်နေကြပါသလဲ။
“လူအင်အားက လောလောဆယ် ၃ဝ ကျော် ၄ဝ ရှိတယ်၊ လက်နက်အင်အားကတော့ နည်းတယ် ပြောရမယ်။ ပထမ ကျနော်တို့က ပွိုင့် 22 နဲ့ တော်လှန်ရေး စခဲ့တာဆိုတော့ ကျနော်တို့မှာ ပွိုင့်တူးတူး ၁၂ လက်လောက် ရှိတယ်။ အခုနောက်ပိုင်း တိုက်ပွဲအခြေအနေအရ ဒီလက်နက်တွေနဲ့ အသုံးမဝင်တော့တဲ့ အခြေအနေ ဖြစ်နေတော့ ကျနော်တို့ မောင်းပြန် လိုက်ရှာဝယ်ရတယ်။ အလှူငွေ ကျနော်တို့ ကောက်ခံ တာတွေ ရှိတယ်။ အဲဒီကနေ မောင်းပြန် အသစ်မဝယ်နိုင်သေးဘူး အခုအချိန်အထိ၊ ဒီ second တချို့ ဝယ်သုံးရတယ်။ ဈေးက တော်တော်ကြီးတယ်။ ကျနော်တို့ ဈေးအကြီးဆုံး ဝယ်ထားရတာဆိုရင် သိန်း ၇ဝ လောက်ပေါ့။ မောင်းပြန်အင်အားက ကျနော်တို့မှာ ၅ လက် ၆ လက် လောက်ပဲ ရှိတယ်။ ရှေ့တန်း ထွက်တဲ့အခါ ကျနော်တို့က ဘယ်သူ့ကိုမှ မောင်းပြန်မရှိရင် ရှေ့တန်း ပေးမထွက်ဘူး။ မောင်းပြန် ၆ လက် ရှိတယ်ဆိုရင် စစ်ကူခေါ်တဲ့အခါ ၆ ယောက်တစ်စု သွားကူတိုက်တာမျိုးပဲ ကျနော်တို့ ဆောင်ရွက်တယ်။ NUG အစိုးရအနေနဲ့လည်း အချိန်တခုရှိလာတဲ့အခါ ကျနော်တို့ကို လက်နက်ထောက်ပံ့ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။”
အစားအစာနဲ့ ဆေးဝါးစတဲ့ အခက်အခဲပေါင်းစုံကြားထဲကနေ ဒီမိုကရေစီတိုက်ပွဲကို အဆုံးထိသွားမယ်လို့ လူငယ်တွေက ပြောပါတယ်။ သူတို့အဖွဲ့မှာ မိန်းကလေးတွေလည်း ပါဝင်နေတဲ့အတွက် ဘယ်လို စည်းကမ်းချက်တွေ ချမှတ်ထားပါသလဲလို့ RFA ကမေးပါတယ်။
“ကျနော်တို့က မိန်းကလေးနဲ့ ယော်ကျားလေးကို နေရာခွဲတယ်။ ကျနော်တို့က တဲထိုးပြီး နေတာဆိုတော့ တဲ ခွဲပြီးထားတယ်။ လေ့ကျင့်ချိန် ထမင်းစားချိန်ပဲ အတူတူထားတယ်။ ပြီးတော့ စည်းကမ်းချက် ညီအစ်ကို မောင်နှမ စိတ်နဲ့ပဲ သွားဖို့ အမြဲတမ်းသတိပေးတယ်။ ကလေးတွေ အချင်းချင်းပိုပြီး ရင်းနှီးအောင် တပါတ်တခါ ဆွေးနွေးပွဲ စကားဝိုင်း အဲဒါမျိုးလေးတွေလုပ်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင်၊ ကလေးတွေရဲ့ မိဘတွေအနေနဲ့လည်း ကျနော်တို့ဆီ သူတို့ကလေးတွေ ရောက်နေတာ သူတို့သိတယ်၊ ကျနော်တို့က မိဘအရာ သဘောထားပြီး ဒီကလေးတွေကို စောင့်ရှောက်ပါတယ်”
ဒါ့အပြင် ကိုဘရာဂျာက သူတို့အဖွဲ့မှာ မူးယစ်ဆေးဝါးသုံးစွဲခြင်း လုံးဝမပြုလုပ်ရလို့ စည်းကမ်းထုတ်ထားပြီး ဒေသခံပြည်သူတွေရဲ့စားဝတ်နေရေး လုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးနေသလို မကြာခင်သင်တန်းဆင်း ဆေးတပ်ဖွဲ့ဝင်တွေကလည်း နယ်လှည့် ဆေးကုပေးဖို့ အစီအစဉ်ရှိတယ်လို့ RFA ကိုပြောပါတယ်။ အမေရိကန် အစိုးရကတော့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးဖို့ အာဏာသိမ်း စစ်တပ် ခေါင်းဆောင်တွေကို ဖိအားပေးနေပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သြဇာခံ စစ်တပ်ကတော့ ဖိနှိပ်မှုတွေကို ရပ်တန့်မယ့်အရိပ်အယောင်မရှိဘဲ လူသတ်မုဒိမ်းကျင့်မှု အပါအဝင် ရက်စက်စွာ ချေမှုန်းမှု တွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။