ကလေးမြို့အနီး PDF စခန်း စီးနင်းခံရ
စစ်ကိုင်းတိုင်း ကလေးမြို့အနီးက ဇီးချောင်းဆည်တဝိုက်မှာ ဒေသကာကွယ်ရေး PDF တပ်ရင်း ၃ကို နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၉နာရီမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ဆေးအကူအမျိုးသမီး ရှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ကလေး PDF အဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်တွေ PDF တပ်ဖွဲ့တွေရှိနေတဲ့ နေရာအထက်က တောင်ပေါ်ကတဆင့် အနောက်တောင်ကြောအတိုင်းဆင်းပြီး တောင်ခြေမှာရှိတဲ့ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ကလေး PDF အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။
“တီးတိန်ဘက်ကနေ သူတို့လေး စီးဆင်းလာတယ်။ အင်အားကတော့ ၇၀၊ ၈၀ ဝန်းကျင် ရှိမယ်ထင်တယ်။ ချင်းတောင်ဘက်က တောနင်းပြီး ဆင်းလာတာ။ တည်နေရာလည်း သိတော့ ဒလန်ပါလား မပါလားတော့ မသိဘူး။ တောင်ခြေမှာကိုး။ ကျွန်တော်တို့စခန်းက။ တပ်ရင်း ၃ က တောင်ခြေမှာဆိုတော့ တိုက်ရိုက်ဆင်းလာတဲ့အချိန်မှာ ကင်းအဖွဲ့ကလည်း တောင်ခြေမှာရှိတဲ့ နှစ်ဖွဲ့ကို အလယ်ကနေ ဖောက်ထွက်ပြီး ဝင်လာတာ။တောင်ခြေဘက်မှာက ကျွန်တော်တို့ စားဖိုနဲ့ medical ကောင်မလေးတွေ ထားတဲ့အချိန်မှာ ကောင်မလေးတွေ ရှစ်ယောက်ပါသွားတယ်”
အဲဒီတိုက်ပွဲကြောင့် ဇီးချောင်းဆည်ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ဒေသခံတွေ ဘေးလွတ်ရာတောတောင်တွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေး PDF တပ်ရင်း ၃ နေရာကို စစ်ကောင်စီတပ်သားတွေဟာ စစ်ကား ၁၄ စီးနဲ့ အင်အားအလုံးအရင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“PDF တပ်ရင်း ၃ စခန်းနေရာကို ဝင်စီးခံရတာ။ တပ်က မနက်ခင်းက ကလေးမြို့ထဲကနေ ကားလေးစီးလောက် တက်သွားတယ်။ နောက်ဒုတိယအကြိမ် ကျွန်တော်တို့ တိုက်ပွဲဖြစ်ဆဲမှာလည်း ကားသုံးစီးတက်သွားတယ်။ တိုက်ပွဲဖြစ်တာက ၉ နာရီလောက်မှာ။ ၁၀ နာရီ ၁၁နာရီလောက်မှာ နောက်ထပ် ကားလေးစီး တက်သွားတယ်။ နောက်ထပ် တစ်နာရီလောက်မှာ သုံးစီးတက်သွားတယ်။ ကလေးမြို့တောင်ပိုင်း၊ မြို့ကြီးကုန်းဘက်ကနေလည်း လေးစီးလောက် စစ်သားတွေချပြီးမှ ခြေလျင်တက်သွားကြတယ်”
လက်ရှိ နိုဝင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ နေရာတခုတည်းမှာ မဟုတ်ဘဲ အနည်းဆုံးနေရာ သုံးနေရာလောက်မှာ ဖြစ်ပွားနေတာကြောင့် နှစ်ဖက်အကျအဆုံး ထိခိုက်ဒဏ်ရာရတာတွေ မသိရသေးဘူးလို့ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ ၁၄ ရက်နေ့လောက်ကတည်းက စပြီး မြစ်သာမြစ် အရှေ့ဘက်က တောင်ကြောကနေ အင်းတွင်း၊ ကျောက်ပြုတ်၊ ဥယျာဉ်စတဲ့ ရွာတွေဘက်ကို စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးတွေနဲ့ အဆက်အပြတ် ပစ်ခတ်နေတယ်လို့ PDF ကလေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ ကလေးမြို့တွင်းမှာလည်း စစ်ကောင်စီတပ်သားတွေက လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။