သိမ်ဆိပ်ရဲစခန်းနဲ့ ခမရတပ်ရင်း ၉ တိုက်ခိုက်မှု ရဲ သုံးဦးသေ၊ လေးဦးဒဏ်ရာရ
2023.04.18

မွန်ပြည်နယ် သထုံမြို့နယ်က သိမ်ဆိပ်ရဲစခန်းနဲ့ ခြေမြန်တပ်ရင်း ၉ တို့ကို သထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ HRS ဒရုန်းအဖွဲ့နဲ့ KNLA တပ်ခွဲ ၃ တို့ မြန်မာနှစ်ဆန်း တစ်ရက်နေ့ မနက်က ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး စခန်းမှူး အပါအဝင် လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ဧပြီလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဧပြီလ ၁၇ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ သိမ်ဆိပ်ရဲစခန်းနဲ့ ခမရ ၉ ကို တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့ နှစ်ဦးသွေးကြွေးအလှူ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးဒဏ်ရာရတဲ့သူတွေဟာ သိမ်ဆိပ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး စခန်းမှူးကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Hawk Revolutionary Squad -HRS ဒရုန်းအဖွဲ့နဲ့ KNLA တပ်ခွဲ ၃ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး စခန်းမှူးနေအိမ်၊ ရဲစခန်းဝင်း၊ တပ်ရင်းမှူးနေအိမ်၊ လိုင်းခန်း၊ ဗဟိုကင်းနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီစခန်းနှစ်ခု တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးတိုးဝင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးတွေအပါအဝင် ဒေသခံ ၂၀၀ နီးပါး သေဆုံးတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အတော်များများ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။