ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှာ တိုက်ပွဲဖြစ်
2023.01.08
ရန်ကုန်တိုင်း သုံးခွမြို့နယ် ကတုံးပေါ်ကျေးရွာအနီး ကတုံးပေါ်နယ်မြေရဲစခန်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ဇန်နဝါရီလ ၈ ရက် ဒီကနေ့မနက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၂၀ နီးပါးရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့က ကတုံးပေါ် နယ်မြေရဲစခန်းကို စီးနင်းတိုက်ခိုက်ရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီကနေ့မနက် ငါးနာရီလောက်မှာ ရဲစခန်းဝင်စီးခံရတယ်။ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေက ပြန်ဆုတ်သွားတယ်။ အခု ရဲတွေရော၊ တပ်တွေရော ဆင်းပြီးစစ်ဆေးနေတယ်”
ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ရဲတစ်ဦး သေဆုံးခဲ့ပြီး ရဲစခန်းအတွင်းက အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကတုံးပေါ်နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို နန်းထိုက်အောင်စစ်ဆင်ရေး အစိတ်အပိုင်းအနေနဲ့ PDF ရန်ကုန် တောင်ပိုင်းခရိုင် ဇုန် (၂) ရဲ့ Fire Dragon တပ်ခွဲက ပြုလုပ်ခဲ့တာလို့ အဲဒီအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်တဲ့ PDF တွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအတွင်း ပါဝင်ဆောင်ရွက်နေသူတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။
တစ်ဘက်မှာလည်း စစ်ကောင်စီက PDF တွေ အပါအဝင် ဆန့်ကျင်သူတွေကို ပစ်မှတ်ထား နှိမ်နင်းမှုတွေ ဆက်တိုက်လုပ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားနှိမ်နင်းမှုကြောင့် အရပ်သား ၂၇၀၇ ဦးသေဆုံးပြီး ၁၃၂၇၂ ဦး ဖမ်းဆီးခံထားရပါတယ်။