ငါန်းမြာကြီးရွာ ရဲစခန်းကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်

RFA Burmese
2024.08.19
ငါန်းမြာကြီးရွာ ရဲစခန်းကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက် ငါန်းဇွန်မြို့နယ် တောင်ရွာဘိုကျေးရွာဂိတ် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားစဥ်။
Screenshot from Ngazun PDF's Video

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ်လ ၁၉ ရက် ဒီနေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မြင်းခြံ-ငါန်းဇွန် ကားလမ်းပေါ်က စစ်ကောင်စီတပ်နဲ့ရဲ အင်အား နှစ်ဆယ်ခန့် တပ်စွဲထားတဲ့ အဲဒီရဲစခန်းကို ဒီနေ့မနက် ငါးနာရီခန့်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့နိုင်တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ပထမ ကျွန်တော်တို့က လက်နက်ချခိုင်းတယ် လုံးဝမရဘူး။ ဒီမနက် ငါးနာရီလောက်မှာ အပြီးသိမ်းလိုက်တာပေါ့။ စခန်းကိုလည်း ရှင်းလင်းရေးလုပ်ခဲ့တယ်။ ဒီစခန်းရှိနေတဲ့အခါ သွားချင်တဲ့နေရာကို အဝေးကြီးကနေ ရှောင်ပတ်ပြီး သွားရတာပေါ့။ ရှေ့သွားဖို့ ခရီးမရောက်တဲ့အတွက်ကြောင့် မဖြစ်မနေ သိမ်းရမဲ့အနေထားကြောင့်မို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်”

စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်း ဖမ်းဆည်းမိတာတွေလည်းရှိပြီး အသေးစိတ်ကို မကြာခင် ထုတ်ပြန်မယ်လို့ သူကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ငါန်းဇွန်မြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာလည်း သြဂုတ် ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ပြန်လည် ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။