PDF ထောက်ပံ့မှုစွပ်စွဲချက်နဲ့ ကျိုက်ထိုမှာ လူရှစ်ဦး ဖမ်းဆီးခံရ
2024.06.17

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူမှုကူညီရေးအသင်းအဖွဲ့ဝင် လေးဦး အပါအဝင် လူရှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ဇွန်လ ၁၈ ရက် ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဇွန်လ ၁၃ ရက်နေ့မှာ ကော့စံနိုင် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးမြအောင်နဲ့ မချစ်စုရတနာတို့ သားအဖနှစ်ဦးနဲ့ ကိုချမ်းသာအောင်၊ ဦးစိုးလှိုင်တို့ စုစုပေါင်း လေးဦး ဖမ်းဆီးခံရတာပါ။ ဇွန်လ ၁၄ ရက်နေ့မှာတော့ ကျိုက်ထိုမြို့က နောက်ထပ် အမျိုးသားလေးဦး ထပ်မံဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူအားလုံးကို ကျိုက်ထိုရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဒီနေ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အဆက်အသွယ်လည်း မရဘူး။ ဘာပစ္စည်းပေးပေးလည်း လက်မခံဘူး။ မိသားစုနဲ့ အဆက်အသွယ် ဘယ်သူမှ မရကြဘူး။ အိမ်မှာရှိတဲ့ ဖုန်းတွေလည်း အကုန်သိမ်းသွားတာ”
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၇ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်း ကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်လို့ လူပေါင်း ၂၆,၈၇၇ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၂၀၆၀၇ ဦကတော့ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။