မန္တလေးမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို ရုံးထုတ်


2018.05.18
aunghminesan-622.jpg စစ်ပွဲများရပ်တန့်ရေး ဆန္ဒထုတ်ဖော်ခဲ့သူနှစ်ဦးကို မန္တလေးမြို့ ချမ်းအေးသာစံတရားရုံးမှာ ၂၀၁၈ ခုနှစ် မေလ ၁၈ ရက်နေ့ကရုံးထုတ်ခဲ့စဉ်
Photo: Khaymani Win/RFA

စစ်ပွဲတွေရပ်တန့်ပေးဖို့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက် ပုဒ်မ (၁၉) ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မနဲ့ တရားစွဲဖမ်းဆီးခံထားရသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို ဒီကနေ့ မန္တလေးမြို့ အောင်မြေသာဇံနဲ့ ချမ်းအေးသာဇံမြို့နယ် တရားရုံးတွေမှာ ရုံးထုတ်ပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံတရားရုံးမှာ ရုံးထုတ်ခံရသူ တက်ကြွလှုပ်ရှားသူ ကိုအောင်မှိုင်းဆန်းက တိုက်ပွဲတွေဖြစ် ပွားနေတဲ့အပေါ် အစိုးရအနေနဲ့ တခုခုပြောသင့်တယ်လို့ အခုလို ပြောပါတယ်။

“လက်ရှိကျနော်တို့ ဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရော၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် အစိုးရတစ်ဖွဲ့လုံးက တစ်စုံတစ်ခုပေါ့၊ တစ်ခု ခုတော့ပြောဖို့သင့်တယ်လို့ ယူဆတယ်။ သူတို့မှာပြောဖို့အတွက် ပျက်ကွက်နေတယ်လို့ ပြောချင်တယ်။ ဒါနဲ့ပတ်သက်ပြီး တစ်ခုပြောဆိုပေးပါလို့ ပြောချင်တယ်”

မန္တလေးမြို့မှာ စစ်ပွဲများရပ်တန့်ဖို့နဲ့ စစ်ပွဲအတွင်းပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ပေးဖို့ မေလ ၆ ရက်နေ့နဲ့ ၈ ရက် နေ့တွေမှာ ဆန္ဒပြခဲ့ကြတဲ့အတွက် ပုဒ်မ ၁၉ နဲ့ ကိုအောင်မှိုင်းဆန်း၊ ကိုဒိန်းဒေါင်၊ ကိုသန်းထိုက်နဲ့ ကိုနှင်းအောင် တို့ကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တရားလိုကတော့ ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင် ဖြစ်ပြီး ဆန္ဒပြသူတွေဟာ ပြဌန်းထားတဲ့အချက်တွေကို ဥပဒေနဲ့ အညီမလုပ်တဲ့အတွက် အရေးယူတာဖြစ်တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြခဲ့တာကြောင့် ဒီမေလအတွင်း ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ အမှုပေါင်း ၁၃ မှုရှိပြီး တက်ကြွလှုပ်ရှားသူ ၄၂ ဦး အမှုရင်ဆိုင်နေရတယ်လို့ တက်ကြွလှုပ်ရှားသူတွေ စုပေါင်းဖွဲ့စည်းထားတဲ့ "အသံ" (လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့) က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။