ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေး သွားဖို့ ဆုံးဖြတ်


2015.07.24
peace-620 ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားတွေရဲ့ အဆင့််မြင့်ကိုယ်စားလှယ်အဖွဲ့ SD တို့ဟာ ၃ ရက်ကြာ ဆွေးနွေးပွဲကို ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: kyaw Zaw Win/RFA

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားတွေရဲ့ အဆင့််မြင့်ကိုယ်စားလှယ်အဖွဲ့ SD တို့ဟာ ၃ ရက်ကြာ ဆွေးနွေးရာမှာ ပါဝင်လက်မှတ်ရေးထိုးနိုင်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အရေအတွက်ကိစ္စ အပေါ် နှစ်ဘက်သဘောတူညီမှုမရပဲ လာမယ့်သြဂုတ်လ ပထမအပတ်မှာ ပြန်လည်တွေ့ဆုံ ဆွေးနွေးဖို့ ဆုံးဖြတ် လိုက်ကြပါတယ်။

အစိုးရဘက်က အဖွဲ့ငယ်တွေကို လက်မှတ်ရေးထိုးတဲ့အထဲမှာ မပါဝင်စေလိုသေးပဲ နိုင်ငံရေးဆွေးနွေးပွဲွ ရောက်မှ သာ ထည့်သွင်းဖို့ သဘောထားပေးတဲ့အတွက် မပြေလည်သေးတာလို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းက ပြောပါတယ်။

"အခုက လားဟူတို့ ANC တို့ကို ချန်ထားမယ်ဆိုတာ သူတို့အင်အားနည်းပါးလို့ ချန်ထားမယ်ဆိုတာမျိုး ဟာ နောက်နောင်မှာဘာဖြစ်မလဲဆိုတော့ ငါတို့အင်အားနည်းပါးလို့ ချန်ထားခံရတယ်၊ ဒါဆိုရင်ငါတို့ အင်အားကြီးအောင်လုပ်မယ် တိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့ စစ်ဝါဒကို ကျနော်တို့ အားပေးသလိုဖြစ်သွားမယ်၊ အဲ့ဒီအတွက်ကြောင့် အင်အားနည်းပါးလို့လည်း ကျနော်တို့ မချန်ထားခဲ့သင့်ဘူး၊ တိုက်ပွဲဖြစ်နေလို့လည်း မချန်ထားသင့်ဘူး၊ အားလုံးပါဝင်လက်မှတ်ရေးထိုးမှပဲ ဒီစာချုပ်ဟာခိုင်မာမယ်လို့ ပြည်သူလူထုကလည်း ယုံကြည်မယ်၊ ကျနော်တို့ တိုင်းရင်းသားတွေကလည်း စိတ်ချလက်ချနဲ့ ရှေ့ဆက်သွားနိုင်မယ်လို့ပဲ ကျနော်တို့ တင်ပြထားတယ်"

အဲ့ဒီချန်ထားခံရမယ့် အဖွဲ့တွေကတော့ MNDAA ကိုးကန့်တပ်မတော်၊ AA ရခိုင်တပ်မတော်၊ TNLA တအောင်းပလောင်လွတ်မြောက်ရေးတပ်မတော်၊ လားဟူတပ်မတော်၊ WNO ဝ အမျိုးသားအဖွဲ့၊ ANC ရခိုင်အမျိးသားကောင်စီတို့ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေဘက်က အနည်းဆုံး ၁၇ ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့ အဆိုပြုထားတာကို အစိုးရဘက်က လက်မခံသေးတဲ့အတွက် အဲ့ဒီအချက်ကိုလည်း နှစ်ဘက်ပြန်လည်တင်ပြပြီး လာမယ့်တွေ့ဆုံပွဲမှာ ဆက်လက်ဆွေးနွေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့အခါ ပြည်တွင်းပြည်ပ အသိသက်သေနဲ့ လေ့လာသူတွေကို ဖိတ်ကြားဖို့ ဆွေးနွေးရာမှာ ပြည်တွင်းက အသိသက်သေအဖြစ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးတို့ကို ဖိတ်ကြားဖို့ အဆိုပြုထားပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။