ငြိမ်းချမ်းရေး အနုပညာပွဲတော် ဖွင့်ပွဲ ကျင်းပ

မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ၊ စာရေးဆရာသမဂ္ဂနဲ့ လွတ်လပ်သော ပန်းချီ ပန်းပု အနုပညာရှင်များသမဂ္ဂတို့ ပူးပေါင်းကျင်းပတဲ့ ငြိမ်းချမ်းရေး အနုပညာပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ပန်းဆိုးတန်း ဂယ်လာရီမှာ မနေ့က ကျင်းပခဲ့ပါတယ်။

2012.07.10

မြန်မာလူထု အကြားမှာ ငြိမ်းချမ်းရေးကို ကိုယ်တတ်နိုင်တဲ့နည်းနဲ့ ဝိုင်းဝန်း ဖော်ဆောင်သွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ ပန်းဆိုတန်း ပန်းချီပြခန်း ပိုင်ရှင် ကိုအောင်စိုးမင်းက RFA ကို ပြောပါတယ်။

"အဓိက ကျွန်တော်တို့က ငြိမ်းချမ်းရေး လုပ်ကြတယ်ဆိုတာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတယ် ဆိုတာက အစိုးရ အနေနဲ့ရော၊ လူထုအနေနဲ့ရော၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရော အကုန်လုံးက ဒီငြိမ်းချမ်းရေးကို ဝိုင်းဝန်းပြီး လုပ်ကြဖို့ ဆိုတဲ့ဟာကို အဓိက ကျွန်တော်တို့ ပွဲလုပ်ကြတဲ့ အဓိက မက်ဆေ့ချ်"

ပွဲတော် ပထမနေ့မှာ ကဗျာရွတ်ပွဲ၊ စာတန်းဖတ်ပွဲ၊ ပါဖောင်းမန့် အနုပညာတင်ဆက်ပွဲ အပါအဝင် နံရံကပ်စာစောင်တွေပါ ခင်းကျင်း ပြသခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာလည်း ဓမ္မနည်းနဲ့သာ လုပ်ဆောင်သွားဖို့ လိုတယ်လို့လည်း ကိုအောင်စိုးမင်းက ပြောပါတယ်။

"ငြိမ်းချမ်းရေးဆိုတဲ့ စကားပြောရင် အဓိက အခြေခံအကျဆုံးက ဓမ္မရယ် အဓမ္မရယ် ဆိုတာနှစ်ခု ရှိတယ်။ ဘယ်အရာမဆို ကောင်းတာလုပ်လို့ရှိရင် ဓမ္မဖြစ်တယ်။ ဓမ္မဖြစ်လို့ရှိရင် ငြိမ်းချမ်းရေး ရတာပဲ။ အဓမ္မလုပ်လို့ရှိရင် မကောင်းတာဖြစ်မယ်။ မကောင်းတာ ဖြစ်လို့ရှိရင် ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဘယ်ဟာက ဓမ္မလဲ၊ ဘယ်ဟာက အဓမ္မလဲ ဆိုတာ ရိုးရိုးလေး စကားလေး နှစ်လုံးနဲ့ကို ကြည့်ပြီးတော့ ငြိမ်းချမ်းရေးကို သွားလို့ရတဲ့ လမ်းကြောင်းကို ရှာလို့ရတယ်။ ကောင်းတာကို လုပ်ရင်တောင်မှ ကောင်းတာကို လုပ်တဲ့ နေရာမှာ အဓမ္မနည်းနဲ့ မလုပ်ရဘူး။ ဓမ္မနည်းနဲ့လုပ်တာ၊ အဓမ္မနည်းနဲ့လုပ်တာ နှစ်ခုကိုသာ ပိုင်ပိုင်နိုင်နိုင် လုပ်လို့ရှိရင် ဒီငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့အတွက် ဘာမှ အလှမ်းမဝေးတဲ့ ကိစ္စတစ်ခုလို့ပဲ ယူဆတာပေါ့။ ဒါက ကျွန်တော်တို့ရဲ့ ဒီပြောချင်တဲ့ တင်ပြချင်တဲ့ အချက်ကို၊ ကျွန်တော်တို့ အခု ဒီအနုပညာ ပြတယ်ဆိုတာကလည်း ဓမ္မနည်းနဲ့ ပြတဲ့ သဘောပေါ့၊ အဲဒါပါ"

ပွဲတော်ကို ပန်းဆိုးတန်း၊ တကောင်း၊ နဝဒေး၊ Myanmar Ink နဲ့ Culture Bridge ဆိုတဲ့ ပန်းချီပြခန်းတွေမှာ ၅ ရက်ကြာ လှည့်လည်ကျင်းပမှာ ဖြစ်ပါတယ်။ မနေ့က ပွဲတော် ပထမနေ့မှာ အနုပညာနဲ့ ငြိမ်းချမ်းရေးကို စိတ်ဝင်စားသူ ပရိသတ် ၁၅၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။