ငြိမ်းချမ်းရေးကျောက်တိုင် ဖြိုဖျက်ခံရ
2012.09.22

ငြိမ်းချမ်းရေးကျောက်တိုင် ဖျက်ဆီးခံရမှုဟာ ငြိမ်းချမ်းရေးကို ဆန့်ကျင်မှုဖြစ်ပြီး မနေ့က ဆန္ဒဖော်ထုတ်ပွဲအပြီးမှာ နောက်ယောင်ခံ လိုက်ခံရတာ၊ လူကြားထဲဆွဲခံရတာ၊ မြို့နယ်က တရားစွဲခံရတာတွေလည်း ရှိခဲ့တယ်လို့ မခင်စန္ဒာညွှန့်က ပြောပါတယ်။
မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ တာဝန်ခံတွေဖြစ်တဲ့ ကိုမိုးသွေး၊ ကိုကျော်ကိုကို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည် မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။
ဒီအတောအတွင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းရေးနဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး ဆုတောင်းပွဲမှာ ပါဝင်ခဲ့သူ သံဃာတော် တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးပညာဝံသကို ဒီကနေ့မှာ မြို့နယ်သံဃာ့ မဟာနာယကက ခေါ်ယူပြီး ခံဝန်ကတိ လက်မှတ် ထိုးခိုင်းခဲ့တယ်လို့ ဦးပညာဝံသက ပြောပါတယ်။
တချိန်တည်းမှာဘဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်မြို့မှာ လုပ်ခဲ့တဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော် ဦးဝိမလကိုလည်း သာသနာရေးရုံးက ခံဝန်ကတိ လက်မှတ်ရေး ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
မနေ့က ရန်ကုန်ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူတွေထဲက လောလောဆယ်အထိ (၉) ဦး တရားစွဲဆို ခံထားရတယ်လို့လည်း သိရပါတယ်။