မိုင်ဂျာယန် ညီလာခံ အောင်မြင်မယ်လို့ ငြိမ်းချမ်းရေးကော်မရှင် မျှော်လင့်
2016.07.24

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်လာနိုင်ရေးအတွက် ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညီလာခံမှာ အောင်မြင်စွာဆွေးနွေးနိုင်ဖို့ မျှော်လင့်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီ ကြေညာချက်မှာ ကော်မရှင်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မိုင်ဂျာယန်မြို့ကို သွားလာရာမှာ အဆင်ပြေစေဖို့ ကူညီနေကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ရေး မှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးသား အဖွဲ့တွေရော မထိုးရသေးတဲ့ အဖွဲ့တွေပါ ပါဝင်နိုင်ဖို့ ဖိတ်ကြားထားကြောင်း ဖော်ပြ ထားပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် NCA မှာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်နေတဲ့အချက်တွေကို ညှိနှိုင်းဖို့ စီစဉ်နေတယ်လို့လည်း ပါရှိပါတယ်။
မိုင်ဂျာယန် ဆွေးနွေးပွဲကနေ လာမယ့် ၂၁ ရာစု ပင်လုံညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး စုံညီစွာတက်ရောက်နိုင်မယ့် ရလဒ်ကောင်းတွေ ဆောင်ကြဉ်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပါရှိပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်မှာ ဥက္ကဌအဖြစ် ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဌအဖြစ် ဦးသိန်းဇော်၊ အတွင်းရေးမှူး အဖြစ် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်တွေအဖြစ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးတို့ ပါဝင်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မျက်နှာစုံညီ အစည်းအဝေးကို မိုင်ဂျာယန်မြို့မှာ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။
အဲ့ဒီ မိုင်ဂျာယန် ညီလာခံကနေ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ကမ်းလှမ်းမှုတွေအပေါ် လက်တွဲဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဖို့ ဆန္ဒရှိကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ဒုဥက္ကဌ ဦးနိုင်ဟံသာက ပြောပါတယ်။ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့အတူ မိုင်ဂျာယန်ညီလာခံအကြောင်းတွေကိုတော့ မသင်းသီရိက စုစည်းတင်ပြထားပါတယ်။