ငြိမ်းချမ်းရေးကော်မရှင်နဲ့ KNPP၊ KIO ခေါင်းဆောင်တွေ သီးသန့်စီ အလွတ်သဘောတေ့ွဆုံ
2018.11.18

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုရောက်ရှိနေတဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေဟာ ဒီနေ့မနက်က အလွတ်သဘော တေ့ွဆုံဆွေးနွေးခဲ့ကြပါတယ်။
ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်တွေမှာ နှစ်ဖက်ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်တွေကို ဆက်လက်အကောင် အထည်ဖော်နိုင်ဖို့အတွက် လက်ရှိအောက်ခြေမှာကြုံတွေ့နေကြရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်လို့ KNPP ဒုဥက္ကဋ္ဌ ခူးဦးရယ် က သတင်းထောက်တွေကို ပြောပါတယ်။
ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး အငြိမ်းစား ဒုဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ဦးဆောင်တဲ့အဖွဲ့ဟာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ဒုဥက္ကဋ္ဌ ခူးဦးရယ် ဦးဆောင်တဲ့အဖွဲ့နဲ့ ဒီနေ့မနက်က တေ့ွဆုံခဲ့ပြီးနောက် ကေအိုင်အို KIO က ဗိုလ်မှူးကြီး လှအောင် ဦးဆောင်တဲ့အဖွဲ့နဲ့ ချင်းမိုင်မြို့တစ်နေရာမှာ သီးခြား အလွတ်သဘော သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
KIO ဖက်က သတင်းမီဒီယာတွေနဲ့ မတွေ့ဆုံလိုကြောင်း အစိုးရငြိမ်းချမ်းရေး ကော်မရှင်ဖက်ကို တောင်းဆို တာကြောင့် သတင်းမီဒီယာတွေအနေနဲ့ သွားရောက်သတင်းရယူခွင့် မရှိခဲ့ပါဘူး။
KNPP နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ တရားဝင် တွေ့ဆုံဆွေးနွေးမှုကို ဧပြီလ ၂၆ ရက်နေ့က လွိုင်ကော်မြို့မှာ တစ်ကြိမ်သာရှိခဲ့ပြီး အလွတ်သဘော ဆွေးနွေးမှုတွေကိုတော့ မတ်လထဲမှာ ရန်ကုန်မြို့မှာ တစ်ကြိမ်နဲ့ နေပြည်တော်မှာ ဇူလိုင်လက တစ်ကြိမ်ရှိခဲ့ရာ ဒီကနေ့ တွေ့ဆုံမှုဟာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့တာပါ။