အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မိုင်းလားအဖွဲ့ တွေ့ဆုံ
2017.11.12

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၇ ဖဲ့ွနဲ့ ဖွဲ့စည်းထားတဲ့ FPNCC အဖွဲ့ဝင် NDAA မိုင်းလားတပ်ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ဒီကနေ့ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေဆွေးနွေးမှာ ဖြစ်တယ်လို့ NDAA တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပေမယ့် ဒီနေ့ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ ဆွေးနွေးပွဲမပြီးသေးတာကြောင့် ဆက်သွယ်မေးမြန်းလို့မရခဲ့ပါဘူး။
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ဟာ မနေ့ကလည်း ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ ပန်ဆန်းမြို့မှာ တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေး ကိစ္စတွေဆွေးနွေးခဲ့သလို ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တယ်လို့ UWSA ရဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။
နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ဟာ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဥက္ကဌ ဦးပေါက်ယူချန်း၊ ဒုဥက္ကဌ ဦးရှောက်မင်လျန်တို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
UWSA နဲ့ NDAA အဖွဲ့တို့ဟာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ရခိုင့်တပ်မတော် AA၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ပါဝင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ FPNCC အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
အစိုးရက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို တစ်ဖွဲ့ချင်းသာ တွေ့ဆုံဆွေးနွေးဖို့ ပြောဆိုထားပေမယ့် မြောက်ပိုင်းအဖွဲ့တွေကတော့ ငြိမ်းချမ်းရေးကိစ္စတွေကို FPNCC အဖွဲ့အနေနဲ့သာ ဆွေးနွေးမှာဖြစ်ပြီး တစ်ဖွဲ့ချင်းတေ့ွဆုံမှာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံကိုယ်စားလှယ် မစ္စတာ ဆုန့်ကော့ရှန်း က FPNCC အဖွဲ့ဝင်တွေကို တွေ့ဆုံခဲ့ပြီး အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့၊ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့နဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။