ဝ၊ မိုင်းလားနဲ့ ငြိမ်းချမ်းရေးကော်မရှင် တွေ့မည်


2017.11.07
pansang-622.jpeg ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသက ပန်ဆန်းမြို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ UWSP ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ အမျိုးသားဒီမို ကရက်တစ် မဟာမိတ်တပ်ပေါင်းစု  NDAA မိုင်းလား အဖွဲ့တို့ လာမယ့် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ပန်ဆန်းမြို ့မှာ တေ့ွဆုံမယ်လို့ သိရပါတယ်။

ဆွေးနွေးဖို့ အကြမ်းဖျဉ်းလျာထားချက်တွေရှိတယ်လို့ UWSP ရဲ့ ပြင်ပ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်း ကပြောပါတယ်။

"ကျနော်တို့ဌာနချုပ် ပန်ဆန်းပဲဖြစ်မှာပါ။ ညအိပ်မယ်လို့ ကျနော်တို့ ယေဘုယျအားဖြင့်သိတယ်ပေါ့။ နောက်ပိုင်း ပြောင်းလဲမှုတွေရှိလာတယ်ဆိုရင်တော့ ဒါတော့ လူကြီးအချင်းချင်း ဘယ်လိုမျိုးတိုင်ပင် ညှိနှိုင်းကြလဲ။ အပြောင်းအလဲတွေလည်း ရှိသွားနိုင်တယ်ပေါ့နော်"

ငြိမ်းချမ်းရေးကော်မရှင်ဘက်က အဖဲ့ွဝင် ၂၀ ခန့်လာရောက်ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေ ဆွေးနွေး မှာဖြစ်ကြောင်း အစိုးရဘက်က အကြောင်းကြားစာ ပေးပို့ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီအနေနဲ့ အစိုးရနဲ့ငြိမ်းချမ်းရေးကိစ္စရပ်တွေဆွေးနွေးတဲ့အခါ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းကော်မတီ FCNPP အနေနဲ့သာ ဆွေးနွေးဖို့ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် ဒီခရီးစဉ်အတွင်း ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးဖြစ်မယ်ဆိုရင် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေလည်း ဆွေးနွေးပွဲအတွင်း ပါလာနိုင်ချေရှိတယ်လို့ ဦးညီရမ်း ကပြောပါတယ်။

လက်ရှိအချိန်အထိ အစိုးရဘက်က ပန်ဆန်းကို လာရောက်မယ့် ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဖိတ်ကြားလာတာ မရှိသေးဘူးလို့ FCNPP မှာပါဝင်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော်က ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် ကပြောပါတယ်။

"အခုထိတော့ မရှိသေးပါဘူး။ ပန်ဆန်းညီလာခံ ကျနော်တို့ ၇ ဖွဲ့အစည်းအဝေးမှာ ကျနော်တို့ ထုတ်ပြန် ထားတာရှိပြီးသား။ နိုင်ငံရေးဆွေးနွေးမှုလုပ်မယ်၊ အစိုးရဘက်နဲ့ ဆွေးနွေးမှုလုပ်မယ်ဆိုရင်တော့ ၇ ဖွဲ့လုံးပါမှ ပါဝင်ဆွေးနွေးဖို့ ကျနော်တို့က ဆုံးဖြတ်၊ သဘောတူထားတယ်ပေါ့နော်။ အဖွဲ့တစ်ဖွဲ့နဲ့ အဲ့မှာ ကန့်သတ်ချက်တွေထားပြီး ဆွေးနွေးမယ်ဆိုရင် ကျနော်တို့က လက်မခံဖို့ ကျနော်တို့က အဲလိုမျိုးတော့ သဘောတူထားတယ်။"

အစိုးရကပေးပို့တဲ့ အကြောင်းကြားစာအရ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်ပြီး ငြိမ်းချမ်းရေးကော်မရှင်က ဦးသိန်းဇော်၊ ဦးခင်ဇော်ဦး၊ ဦးအောင်စိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊ ပညာရေး၊ ကျန်းမာရေး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့ဘက်က ဝဒေသကို လာရောက်ဖို့ အရင်ထဲက အစီအစဉ်တွေရှိခဲ့ပေမယ့် ရခိုင်ပြည်နယ်အရေး ကိစ္စရပ်တွေ ဖြစ်ပေါ်လာတာကြောင့် အစီအစဉ်ကို နောက်ဆုတ်ထားခဲ့ရတာလို့လည်း ဦးညီရမ်း ကပြောပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ပါဝင်တဲ့ FCNPP အဖွဲ့ထဲမှာ PSLF/TNLA၊ AA ၊ KIO၊ NDAA၊ SSPPနဲ့ MNDAA အဖွဲ့ ၇ ဖွဲ့ပါရှိတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။