ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းအဖွဲ့တွေ မကြာခဏ တေ့ွဆုံမည်


2018.07.13
seven-allies-delegates-622.jpg မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ကိုယ်စားလှယ်တွေကို ၂၀၁၈ ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Union Peace Conference - 21st Century Panglong - Third Session Facebook

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ မကြာခဏတေ့ွဆုံဆွေးနွေးသွားမယ် လို့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ က ပြောပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့ဟာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဒီနေ့ တေ့ွဆုံပြီးနောက် ဒုတိယဥက္ကဌ ဦးသိန်းဇော်က အခုလိုပြောပါတယ်။

"မကြာမကြာတွေ့မှပဲ ငြိမ်းချမ်းရေးဆိုတာ ဖော်ဆောင်လို့ရမှာပေါ့၊ အဲဒီတော့ မကြာမကြာတွေ့ဖို့လည်း ကျနော်တို့ အစီအစဉ်လုပ်ပြီးသားပါခင်ဗျ၊ လာခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံနဲ့တွေ့ ပြီးတော့ နိုင်ငံတော် အစိုးရရဲ့သဘောထားတွေလည်း သူတို့အားလုံးသိသွားပြီ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံပြီးတော့လည်း တပ်မတော်ရဲ့သဘော ထားတွေလည်း သူတို့အားလုံးသိသွားပြီးဆိုတော့ ဒီဘက်ကသဘောထားတွေသိပြီးသွားလို့ သူတို့ဘက်က သဘောထားကလည်း ဒီဘက်ကသဘောထားနဲ့ ညှိနှိုင်းလို့ရသွားပြီဆိုရင်တော့ အခြေအနေကောင်းတွေ ထွက်ပေါ်လာမှာပေါ့"

ယုံကြည်မှုတည်ဆောက်နိုင်ရေးဟာ ငြိမ်းချမ်းရေးမှာ အရေးပါတဲ့အတွက် မကြာခဏတွေ့ဆုံနိုင်ဖို့ ကြိုးစားတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ တွေ့ဆုံတာကတော့ မိတ်ဆက်တဲ့သဘောသာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး က ဆိုပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော် MICC 2 မှာ စတင်ကျင်းပတဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ အခမ်းအနားကို မြောက်ပိုင်း မဟာမိတ်အဖွဲ့အားလုံး တက်ရောက်လာတာဖြစ်ပါတယ်။

အဲဒီအဖွဲ့ ၇ ဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ သီးခြားစီတေ့ွဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။