ပင်လုံအကြိုပြင်ဆင်ရေး ကော် မတီနဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံ
2016.08.11

ငြိမ်းချမ်းရေး တစ်ရက်စောရမယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူတွေအတွက် တစ်ရက်စောပြီး အကျိုးရှိမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မူဝါဒချမှတ်ထားကြောင်း ၂၁ ရာစုပင်လုံညီလာခံ၊ အကြိုပြင် ဆင်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ဒီနေ့စတင် ကျင်းပနေ တဲ့ ၂၁ ရာစု ပင်လုံညီလာခံအတွက် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးမှာ ဒေါက်တာ တင်မျိုးဝင်း က ပြောသွားတာဖြစ်ပါတယ်။
"နိုင်ငံတော်အတိုင်ပင်ခံက သူ့ရဲ့မူဝါဒဖြစ်တဲ့ ငြိမ်းချမ်းရေး တစ်ရက်စောရရင် တစ်ရက်စောပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိပါတယ် ဆိုတဲ့အနေနဲ့ ငြိမ်းချမ်းရေးရအောင်ဆိုပြီး ဒီညီလာခံကို တစ်လ၊ နှစ်လ အတွင်း ဆောင်ရွက်ဖြစ်စေချင်ပါတယ်ဆိုပြီး ထုတ်ဖော်ပြောလိုက်တာပါ"
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေးမူကိုလည်း အစိုးရက လက်ကိုင်ထားကြိုးပမ်းနေ တယ်လို့ ပြောပါတယ်။
ဒီနေ့အစည်းအဝေးဟာ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့က ခေါင်းဆောင် ၁၆ ဦးတို့နဲ့ တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို သုံးရက်ကြာကျင်းပသွားမှာဖြစ်ပြီး သြဂုတ်လ ၁၂ ရက်နေ့မှာ NCA အပစ်ရပ်လက်မှတ်ထိုးတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ပါ တွေ့ဆုံသွားမှာ ဖြစ် ပါတယ်။
မနက်ဖြန် သြဂုတ်လ ၁၂ ရက်နေ့ အစည်းအဝေးကို NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့၊ အပစ်ရပ် လက်မှတ်မထိုးထားတဲ့ UNFC အဖွဲ့က ကိုယ်စားလှယ်အဖွဲ့နဲ့ မိုင်းလားအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ကြ မှာဖြစ်ပါတယ်။ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP က ကိုယ်စားလှယ်တွေကတော့ အစည်းအဝေး တက်ရောက်ဖို့ ရှိ မရှိ မသိရသေးပါဘူး။
ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ တွေ့ဆုံဆွေးနွေးမူနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် ကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထား ပါတယ်။