အမျိုးသားအဆင့် ငြိမ်းချမ်းရေး ညီလာခံများ ဆက်လုပ်သွားမည်


2016.01.17
peace-conference-jan16-620.jpg နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံပိတ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

အမျိုးသားအဆင့် ငြိမ်းချမ်းရေးညီလာခံတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဆက်လက်ကျင်းပသွားမယ် လို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ဆုံးဖြတ်ထားပါတယ်။

တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ အမျိုးသားအဆင့်ညီလာခံတွေ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က လာမယ့်ဖေဖော်ဝါရီလအတွင်းမှာ အစည်းအဝေးကျင်းပသွားဖို့ ရှိတယ်လို့ UPDJC အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

အမျိုးသားအဆင့်ညီလာခံတွေ ကျင်းပတဲ့အခါ တက်ရောက်ခွင့်ရမယ့် ကိုယ်စားလှယ်ဦးရေနဲ့ ကျင်းပမယ့်နေ့ ရက်တွေကို  UPDJC ကပဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အဲဒီ ညီလာခံတွေက ဆွေးနွေးရရှိတဲ့အချက်အလက်တွေကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံတွေမှာ ကိုယ်စားလှယ်တွေက ဆက်လက်ဆွေးနွေးကြမှာပါ။

အမျိုးသားအဆင့်ငြိမ်းချမ်းရေးညီလာခံတွေကို အပစ်အခတ်ရပ်စဲရေးလက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေမှာကျင်းပဖို့ အခက်အခဲရှိနိုင်တာကြောင့် တိုင်းရင်းသား နိုင်ငံရေးပါတီတွေအနေနဲ့ လက်မှတ်မရေးထိုးရသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းရမယ့် အခြေအနေတွေရှိတယ်လို့ ပြောပါတယ်။

ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နေပြည်တော်မှာ ကိုယ်စားလှယ် ၇၀၀ ကျော်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး လေးလတစ်ကြိမ် ဆက်တိုက် ကျင်းပဖို့လည်း ဆုံးဖြတ်ပါတယ်။

UPDJC အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းကို အာအက်ဖ်အေသတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။