နိုင်ငံရေးဆွေးနွေးပွဲတွေမပြီးမီ တိုင်းရင်းသားတွေ လက်နက်စွန့်ဖို့မလို


2014.08.03
laiza-conference-620.jpg ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က စတင်ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံကို မြင်ရစဉ်
photo: RFA/ Sai Htun Aung lwin

ကာကွယ်ရေးဦးစီးချုပ်က သူတို့ မြန်မာ့တပ်မတော်ရဲ့ မူလတောင်းဆိုချက်ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ မစတင်မီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်နက်ဖျက်သိမ်းရမယ် ဆိုတဲ့အချက်ကို အလျှော့ပေးလိုက်ပြီလို့ သိရပါတယ်။  အဲဒီတောင်း ဆိုချက်ကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက သဘောမတူကြတဲ့အတွက် မြန်မာ့တပ်မတော်ဘက်က အခု လိုက်လျောလက်ခံလိုက်တယ်လို့ လိုင်ဇာအစည်း အဝေးတက်ရောက်တဲ့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က RFA ကို စနေနေ့မှာ ပြောကြားလိုက် ပါတယ်။

အခုနောက်ဆုံးသဘောတူညီချက်အရ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ပြီးနောက် နိုင်ငံရေးဆွေးနွေး ပွဲတွေစတင်မှာဖြစ်ပြီး အဆိုပါနိုင်ငံရေးဆွေးနွေးပွဲတွေ ကနေ “ပြည်ထောင်စုသဘောတူညီချက်” ဆိုပြီးစာချုပ် တစ်ခု ပေါ်ထွက်လာမှာဖြစ်ပါတယ်။ အဲ့ဒီ “ပြည်ထောင် စုသဘောတူညီချက်” ထဲမှာပါဝင်မယ့် “လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာမှ လက်နက်ဖျက်သိမ်းရေးအစီအစဉ်ကို ထည့်သွင်းပြဌာန်းမယ်လို့ ဆိုပါတယ်။

အခုလို သဘောတူညီမှှုကြောင့် တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြီးဆုံးတဲ့အထိ သူတို့ ကိုင်ဆောင်နေတဲ့ လက်နက်တွေကို စွန့်လွှွတ်ဖို့ မလိုတော့တဲ့အတွက် အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေအကြား ဆွေးနွေးပွဲတွေရဲ့တိုးတက်မှှုတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

ဒါ့အပြင် “နှစ်ဖက်တပ်ဖွဲ့များလိုက်နာရမယ့် စည်းကမ်းချက်တွေ” (Ceasefire Code of Conduct) ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးအပြီး တလခန့်အကြာမှာမှ သီခြားသဘောတူညီချက်အဖြစ် နောက် ဆက်တွဲလက်မှတ်ထိုးမယ်လို့ တပ်မတော်ဘက်ကပြောကြားခဲ့ပေမယ့် အခုတော့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မှာ အဲဒီ (Ceasefire Code of Conduct) စည်းကမ်းချက်တွေကို တပါတည်းထည့်သွင်းဖို့ တိုင်းရင်းသားတွေဘက်က တင်ပြတာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောတူလိုက်ပြီလို့ သိရပါတယ်။ အခုလို တပ်မတော်ဘက်က တောင်းဆိုချက်တွေကို လျှော့ပေါ့ပေးခဲ့တဲ့ ကိစ္စမှာ နိုင်ငံတော်သမ္မတရဲ့ လမ်းညွန်ချက်ပါဝင်တယ်လို့ကြားသိရကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က RFA ကို ပြောပါတယ်။

ဒီအကြောင်း အပြည့်အစုံကို ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ RFA သတင်းထောက် ကိုတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။