ကချင်စစ်ပွဲတနှစ်ပြည့်မှာ ငြိမ်းချမ်းရေးအတွက် မန္တလေးလှုံ့ဆော်

မန္တလေးမြို့မှာရှိတဲ့ စိမ်းရောင်စို၊ ဂီတမိတ်နဲ့ နယ်ဒေသ အသီးသီးက သဘာဝ ပတ်ဝန်းကျင်နဲ့ ပရဟိတ လုပ်ကိုင်နေသူတွေ စုပေါင်းပြီး လူအင်အား (၇၀) ခန့်က မြို့တွင်း နေရာ (၅) နေရာကို လှည့်လည်ပြီး ကချင်ပြည်နယ် စစ်ပွဲ တနှစ်ပြည့်နဲ့ စစ်ပြေးဒုက္ခသည်တွေကို ထောက်ပံ့ရေး အတွက် ဂီတလှည့်လည် ဖျော်ဖြေပွဲ တစ်ခု စုပေါင်း ပြုလုပ်ခဲ့ကြရာမှာ အလှူငွေသိန်း (၄၀) လက်ခံရရှိတယ်လို့ သိရပါတယ်။

2012.06.09
mandalay-artist-kachin-fund-b305 ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များအတွက် မန္တလေးမှ ဂီတ အနုပညာရှင်များ ပူးပေါင်းပြီး မြို့အနှံ့ လှည့်လည် ဖျော်ဖြေလျက်ရှိရာမှာ မန္တလေး၊ စိန်ဝင်းဝင်း ကဖေးတွင် ဂီတမိတ် (မန္တလေး) သီဆိုဖျော်ဖြေပုံ ဖြစ်ပါသည်။
Photo Courtesy of CJMyanmar

မနက် (၇) နာရီလောက်က စတင်လှည့်လည် ဖျော်ဖြေပြီး အလှူငွေ ကောက်ခံတဲ့ပွဲကို မန္တလေးမြို့မှာရှိတဲ့ စိန်ဝင်းဝင်း၊ မင်းသီဟ၊ မြစ်ကျော်၊ အောင်ထွန်းထွန်းစတဲ့ လက်ဘက်ရည်ဆိုင်တွေနဲ့ မဟာအောင်မြေ ကျောက်မျက်ဝိုင်း အနောက်ဘက် အပေါက်၊ ပွဲစား စက်ပိုင် ကုန်သည်များ မဟာကထိန်တော် အသင်းတို့မှာ လှည်လည်ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဖျော်ဖြေရာမှာ စိမ်းရောင်စိုအဖွဲ့က ရေးစပ် သီကုံးထားတဲ့ သီချင်းတွေနဲ့အတူ ဂီတမိတ်အဖွဲ့က ရေးစပ်တဲ့ ကမ္ဘာမြေငြိမ်းချမ်းပါစေ အပါအဝင် သီချင်း(၂) ပုဒ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး တိုက်တွန်းတဲ့ စာသားများ ပါဝင်တဲ့ တီရှပ်များ ဝတ်ဆင်ရောင်းချခဲ့ကြသလို၊ ထီးတွေ အပေါ်မှာလည်း မြန်မာပြည် စစ်မက် အမြန် ငြိမ်းချမ်းပါစေ ဆိုတဲ့ စာတမ်းတွေ ရေးသားပြီး လှည်လည်ခဲ့ကြတာပါလို့ စိမ်းရောင်စိုအဖွဲ့ ဒုဥက္ကဋ္ဌ ဦးငြိမ်းချမ်းက ပြောပါတယ်။ သူဆက်လက် ပြောဆိုတာကတော့-

“စုစုပေါင်းထည့်ဝင်ငွေ ဒီမနက်ပိုင်းမှာ ဖျော်ဖြေပြီးတဲ့အခါမှာ ငွေကျပ် သိန်း(၄၀) လောက်ရတယ်၊ အဲဒါတွေအားလုံးက ကျနော်တို့ ကချင်ပြည်နယ်မှာရှိတဲ့ စစ်မက်ဖြစ်ပွားတဲ့ နေရာတွေက စစ်ပြေးဒုက္ခသည် စခန်းတွေကို တိုက်ရိုက်သွားလှူဖို့ ကျနော်တို့ စီစဉ်ထားတယ်၊ အခု ညနေပိုင်းမှာ ညနေ (၅) နာရီက (၇)နာရီအတွင်းမှာ မန္တလေးမြို့ မစိုးရိမ် ကံတက်ကုန်း ကျောင်းတိုက် (၅၅) လမ်း (၄၀) (၄၁) လမ်းကြားမှာ ငြိမ်းချမ်းရေး ဆုတောင်းပွဲ လုပ်မယ်။ အဲဒီမှာ တေးဂီတဖျော်ဖြေမှုပါမယ်၊ စစ်မက်ဖြစ်ပွားတဲ့ ကချင်ပြည်နယ် တနှစ်ပြည့် အနေအထားမှာ ငြိမ်းချမ်းရေး အမြန်ရရှိဖို့၊ ကချင်မြေ ငြိမ်းချမ်းဖို့၊ မြန်မာပြည် ငြိမ်းချမ်းဖို့၊ ကမ္ဘာမြေ ငြိမ်းချမ်းဖို့ဆိုတဲ့ ဆုတောင်း ပတ္တနာပြုတာတွေ အားလုံးလူထုကြားထဲမှာ ပျံ့နှံ့သွားအောင်လို့ ဒီအချိန်မှာ ကျနော်တို့ ဝိုင်းပြီး လုပ်ကြတာ ဖြစ်ပါတယ်။”

အဆိုပါ ငြိမ်းချမ်းရေး ဆုတောင်းပွဲမှာ အရှင်ဝီရသူ အပါအဝင် ဆရာတော်များ၊ စာပေပညာရှင်များ ကလည်း ငြိမ်းချမ်းရေး စကားများ ပြောကြားပြီး ဖယောင်းတိုင်ထွန်း သီချင်းဆိုကာ အခမ်းအနားကို အဆုံးသတ်မယ်လို့လည်း ဦးငြိမ်းချမ်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။