ကချင်ငြိမ်းချမ်းရေးကွန်ရက် ခေါင်းဆောင်နှစ်ဦးကို တရားရုံးမှာ စတင်စစ်ဆေး

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာ (၂၁) ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ပွဲရပ်တန့်ရေးကို ရန်ကုန်မြို့ လမ်းတွေပေါ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ ဒဂုံမြို့နယ်တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။
2012.09.28
peace-movement-2-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် မြန်မာနိုင်ငံတွင်း စစ်ပွဲတွေရပ်ရန် အရပ်ဖက် အဖွဲ့ အစည်းများ စုပေါင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နေစဉ်။
RFA

ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်စင်က ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ဥပဒေကြောင်းအရ အာမခံထားပေးမယ့် လူပုဂ္ဂိုလ် (၂) ဦး တောင်းဆိုပါတယ်။

ဦးမရန်ဂျော်ဂွန်းတို့က တခြားလူပုဂ္ဂိုလ်တွေကို အာမခံမထားဘဲ မိမိကိုယ်မိမိပဲ အာမခံတာဝန်ယူမယ့် အကြောင်းပြောပြီး ကိုယ်တိုင်ခံဝန်ချက် ရရှိအောင် ကြိုးစားခဲ့တာကို RFA ကို အခုလိုပြောပါတယ်။

"ဒီကိစ္စမှာ ကျွန်တော်တို့က ခံယူချက်ကောင်းကောင်းနဲ့ နိုင်ငံငြိမ်းချမ်းရေးအတွက် ပြည်သူတစ်ယောက်ရဲ့ တာဝန်အနေနဲ့ ပါဝင်တာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ တရားခံ မဟုတ်ဘူး။ မှားတယ်လို့ လုံးဝမယူဆဘူး။ အဲ့ဒါကြောင့် မထွက်ပြေးဘူး။ ဘယ်နေရာပဲရောက်ရောက် လာမှာပဲ။ ကိုယ်ပိုင်ခံဝန်ချက်ပဲ ကျွန်တော်တို့ လိုချင်တယ်။ ကျွန်တော်တို့ တောင်းဆိုတော့ သူက ကိုယ်ပိုင်ခံဝန်ချက်နဲ့ ပတ်သက်တဲ့ စာချုပ်ကို ထပ်ချုပ်တယ်။ ကိုယ်ပိုင်ခံဝန်ချက် ဖြစ်သွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတဲ့အကြောင်း လက်မှတ်ထိုးခဲ့တယ်"

ကချင်ငြိမ်းချမ်းရေးကွန်ယက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ဒဂုံမြို့နယ် ရဲအုပ် ဦးထွန်းထွန်းဝင်းက တရားလိုပြုလုပ် တိုင်ကြားခဲ့တာပါ။

ဒီကနေ့မှာတော့ ဦးမရန်ဂျော်ဂွန်းတို့က မိမိကိုယ်မိမိ တာဝန်ယူတဲ့ ကိုယ်တိုင် ခံဝန်ချက်ရယ်၊ အာမခံကြေး ၁၀ သိန်းနဲ့ တရားရုံးမှာ လက်မှတ်ထိုးခဲ့ပြီး ဒီအမှုကို လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့ ရုံးချိန်း ပြန်လည်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။