10 D ကျောင်းသားလှုပ်ရှားမှု ၂၅ နှစ်ပြည့် အခမ်းအနား ကျင်းပ
2016.12.10

လွန်ခဲ့တဲ့ ၂၅ နှစ် ၁၉၉၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရရှိတဲ့အတွက် ထောက်ခံ ဆန္ဒပြကြတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ ၂၅ နှစ်ပြည့် တွေ့ဆုံပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်း ဆီခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
အဲဒီနှစ်က နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကို 10D လို့ အမည်ပေးထားတာဖြစ်ပြီး ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားမှာ ကိုမင်းကိုနိုင် တက်ရောက်ခဲ့ပြီးသူက လိုချင်တဲ့ပန်းတိုင်တစ်ခုကိုရဖို့ ညီညီညွတ်ညွတ် ဆက်လက်လုပ်ကိုင်သွားကြဖို့ လိုအပ်ကြောင်း ပြောပါတယ်။
"အဆိုးတွေ့တိုင်း ကျနော်တို့ရဲ့လှုပ်ရှားမှုတွေက အပေါင်းလက္ခဏာ တဖြည်းဖြည်းမြင့်တက်လာတာမျိုးကို ကျနော်တို့မျှော်မှန်းပါတယ်၊ ကျနော် တို့လိုချင်တဲ့နေရာကို သွားနိုင်ကြပါစေ၊ အားလုံးလည်းလက်တွဲခေါ်နိုင်ပါစေလို့ ကျနော်ဆန္ဒပြုပါတယ်"
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ပိုမိုပါဝင်နိုင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအစား ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံတစ်ရပ် ရေးဆွဲသွားဖို့ လိုအပ်တဲ့အကြောင်း 10D အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီးနဲ့ အခြားနိုင်ငံရေး အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။