ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့မည်
2014.08.10

အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါတီတွေပါဝင်ရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ နိုင်ငံရေးပါတီ ၆၀ ကျော် မနက်ဖြန် မြန်မာ ငြိမ်းချမ်းရေးဗဟိုဌာန MPC မှာ တွေ့ဆုံဆွေးနွေး ကြမယ်လို့ သိရပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုး ပြီးပါက နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပတဲ့အခါ ပါတီတွေပါဝင်နိုင်ရေးနဲ့ ပတ်သက်ပြီး ကြိုတင်ဆွေးနွေးတာဖြစ်ကြောင်း မြန် မာငြိမ်းချမ်းရေးဗဟိုဌာန MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
"ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒီလုပ်ငန်းကော်မတီက ဝန်ကြီးဦးအောင်မင်းတို့အဖွဲ့အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မှတ်ပုံတင်ထား တဲ့ နိုင်ငံရေးပါတီတွေကို ဖိတ်ကြားပြီးတော့ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်ရဲ့ အနေအထားရောက်ရှိနေတာကို ရှင်းပြဖို့ရှိပါတယ်၊ အဲ့ဒါပြီးရင်တော့ နောင်မကြာမီမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှှုတွေ အစိန်လက်မှတ်ရေးထိုးပြီးရင် ဆောင်ရွက်မယ့် နိုင်ငံရေးဆွေးနွေးပွဲကို သွားနိုင်ဖို့အတွက် ပြင်ဆင်တဲ့ ကိစ္စရပ်တွေကိုလည်း အပြန်အလှန်ဆွေးနွေးဖို့ပါပဲ"
ဝန်ကြီးဦးအောင်မင်းနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဟာ သြဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့မှာ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးမူဘောင် ချမှတ်ရေးကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲတွေကို အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးအပြီး သုံးလအတွင်းမှာ ပြုလုပ်ရမှာဖြစ်ပြီး အဲ့ဒီ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်မဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ ကို အပစ်ရပ်ပြီး နှစ်လအတွင်း မူဘောင် ချမှတ်အတည်ပြုရမယ်လို့ သိရပါတယ်။
အခုလို မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ နိုင်ငံရေးပါတီတွေကို ပထမဆုံးအကြိမ် ဖိတ်ခေါ်လာတာနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင်တွေရဲ့ အမြင်တွေကို စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။