အပစ်ရပ်လက်မှတ်ထိုးဖို့ တိုင်းရင်းသား ၁၅ ဖွဲ့ထံ သမ္မတ ဦးသိန်းစိန် စာပေးပို့
2015.08.15

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လာမယ့် စက်တင်ဘာလဆန်းမှာ ရေးထိုးနိုင် ဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ အကြောင်းကြားစာပေး ပို့လိုက်ပါတယ်။
သြဂုတ်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတစ်ဆင့် စာပေးပို့ခဲ့တာလို့ မြန်မာ ငြိမ်းချမ်းရေးစင်တာရဲ့ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
"ပြီးခဲ့တဲ့ ၁၁ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတအနေနဲ့ အစိုးရဘက်က ဖိတ်ခေါ်ထားတယ်၊ ၁၅ ဖွဲ့ကို လက်မှတ်ရေးထိုးဖို့ပေါ့လေ ဖိတ်ခေါ်စာ ဝန်ကြီးဦးအောင်မင်းကနေပြီးတော့ ပေးပို့ခဲ့တာတွေ့ရတယ်ဗျ၊ ဒီဖိတ်ခေါ်စာကို ကျနော်တို့ အဖွဲ့အသီးသီးကလည်း မှေးတင်ထိုင်နေတယ်လို့ပဲ ကျနော်တို့ နားလည်ပါတယ်၊ ပြီးရင်တော့အညီ ဖိတ်ခေါ်စာကိုပြီးရင်တော့ ပြန်ကြားလိမ့်မယ်လို့ထင်ပါတယ်၊ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲ မတိုင်မီ စက်တင်ဘာလပေါ့လေ အစိုးရဘက်က ကျနော်တို့ စီစဉ်မယ့်ရက်မှာတော့ လက်မှတ်ထိုးတာတော့ ဖြစ် လာမယ်လို့ပဲ ကျနော်တို့ကတော့ ဒီလိုပဲ နားလည်ထားတယ်"
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တစ်ဖွဲ့ချင်းစီနဲ့ လက်မှတ်ထိုးမယ့် အနေအထားရှိကြောင်း၊ တိုင်းရင်းသားတွေဘက်က အကြောင်း မပြန်သေးတာကြောင့် အသေးစိတ်အစီစဉ်ကို မဆုံးဖြတ်ရသေးဘူးလို့ ဦးလှမောင်ရွှေက ပြောပါတယ်။
လက်မှတ်ရေးထိုးဖို့အတွက် နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားစာကို ဒီနေ့မနက်မှာ ရရှိထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
"တိုင်းရင်းသားတွေက အားလုံးပါမှထိုးမယ်၊ နိုင်ငံတော်အစိုးရက အားလုံးကိုလက်မှတ်ထိုးဖို့ မလိုတဲ့အဖွဲ့ အစည်းတွေကို မထိုးချင်ဘူး အဲ့လိုပုံစံမျိုးဖြစ်နေကြတယ်၊ အချေအတင်ပြောနေကြတဲ့ စကားတွေရှိနေတယ်၊ အဖွဲ့ချုပ်ခေါ်သည်ဖြစ်စေ အများနဲ့ခေါ်သည်ဖြစ်စေ လက်မှတ်ထိုးဖို့ဆိုတာမျိုးကို ALC ကော်မတီမှာလည်း ကြားပြီးသားဖြစ်တယ်၊ ဒါပေမယ့် တိုင်းရင်းသားတွေက အားလုံးကိုညှိပြီးတော့မှ အားလုံးကိုသွားရေးဆိုတဲ့ မူအပေါ်မှာနည်းနည်းတွေးဆနေတယ်"
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကတော့ တစ်ပြည်လုံးက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးပါဝင်လက်မှတ်ရေးထိုးဖို့ တောင်းဆိုထားပါတယ်။
ဒါကြောင့် နိုင်ငံတော်သမ္မတရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး သြဂုတ်လ ၂၁ ရက်နေ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အစည်းအဝေးကျင်းပသွားဖို့ရှိတယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့က အဖွဲ့ဝင် ၅ ဦးဟာလည်း သြဂုတ်လကုန်ပိုင်းမှာ နိုင်ငံတော်သမ္မတ နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့အတွက် ကမ်းလှမ်းထားပြီး အစိုးရကလည်း လက်ခံထားတယ်လို့ သိရပါတယ်။
အစိုးရက ရခိုင်တပ်မတော် AA၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDAA၊ တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် PSLF/ TNLA၊ ဝအမျိုးသားတပ်မတော် WNO နဲ့ လားဟူဒီမိုကရက်တစ်ယူနီယံ LDU တို့ကိုလက်မှတ်ထိုးရေးအတွက် ထည့်သွင်းဖိတ်ကြားထားမှုမရှိပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။