ကျေးလက်ပြည်သူများစကားဝိုင်း ပြုလုပ်မည်
2017.08.05

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျေးလက်ပြည်သူတွေပါဝင်မယ့် ကျေးလက်ပြည်သူများစကားဝိုင်းကို သြဂုတ်လ ၇ ရက်နေ့မှာ မန္တလေးတိုင်းဒေကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာမှာ ကျင်းပသွားမယ် လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီစကားဝိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အဲဒီကျေးရွာမှာနေထိုင်တဲ့ ကုန်ကားပိုင်ရှင်၊ သီးနှံပွဲစား၊ ဆန်စက်ပိုင်ရှင်၊ ယက္ကန်းရုံပိုင်ရှင်၊ ကျောင်းဆရာ၊ ကုန်စုံဆိုင်ပိုင်ရှင်၊ တောင်သူ စုစုပေါင်း ၈ ဦးက ပါဝင်ဆွေးနွေးမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သြဂုတ်လ ၇ ရက်နေ့ မနက် ၁ဝ နာရီကနေ စတင်ဆွေးနွေးမှာဖြစ်ပြီး MRTV ရုပ်သံလိုင်း၊ Myanmar State Counsellor Office Facebook နဲ့ Myanmar President Office Facebook တို့ကနေ ဆွေးနွေးပွဲကို တိုက်ရိုက် ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။
ဒီတစ်ကြိမ်ပြုလုပ်မယ့် လက်ပြည်သူများစကားဝိုင်းဟာ လေးကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ဝမ်းတွင်းမြို့ကနေ ၂ မိုင်အကွာလောက်မှာရှိတဲ့ မြေတိုင်ကန်ရွာမှာ ကျင်းပဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက နိုင်ငံတော် အတိုင်ပင်ခံရုံး တာဝန်ရှိသူတွေ လာရောက်ပြီး စကားဝိုင်းကျင်းပဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။