ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ KNU ဆက်မပါဘဲ ဆိုင်းငံ့ထားမယ်လို့ကြေညာ
2018.11.10

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သက်ဆိုင်တဲ့ တရားဝင်အစည်းအဝေးတွေမှာ KNU အနေနဲ့ဆက်မပါဘဲ ယာယီရပ်ဆိုင်းထားမယ်လို့ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
ဘားအံခရိုင် လေးဝါးမှာ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့ထိကျင်းပခဲ့တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုအမြဲတမ်းကော်မတီအရေးပေါ် အစည်းအဝေးအပြီးမှာ ကြေညာလိုက်တာပါ။
အောက်တိုဘာလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သီးသန့်တွေ့ဆုံပွဲကို သူတို့ရဲ့အစည်းအဝေးမှာ သုံးသပ်ခဲ့ကြတယ်လို့ဆိုပါ တယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါနေတဲ့ အဓိကခေါင်းဆောင်တွေက NCA အပစ်ရပ်စာချုပ်နဲ့ပတ်သက်လို့ နားလည်မှု ကွဲလွဲနေတာတွေကို ဖြေရှင်းရမယ့်အစား၊ ကိုယ့်ဟာကိုယ် နားလည်သလို အကောင်အထည်ဖော်နေတဲ့အတွက် ရှုပ်ထွေးမှုတွေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတဲ့အချိန်မှာ အစိုးရနဲ့ တပ်မတော်ဘက်က NCA စာချုပ်မှာမပါ တဲ့၊ ပြည်ထောင်စုကနေ ခွဲမထွက်ရဆိုတဲ့အချက်နဲ့ တပ်မတော် တစ်ခုတည်းဖြစ်ရမယ်ဆိုတဲ့အချက်ကို ဆွေးနွေးဖို့ တင်သွင်းလာတယ်လို့ KNU ကထောက်ပြပါတယ်။ အဲဒီအပြင် နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုတာတွေ လျစ်လျူရှုခံရ၊ ကန့်သတ်ခံရတဲ့အတွက်လည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် NCA စာချုပ်အတိုင်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့ပဲ ဆောင်ရွက်မယ်လို့ KNU ကပြောပါတယ်။ ဒီလိုဆောင်ရွက်ဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သက်ဆိုင်တဲ့ တရားဝင် အစည်းအဝေးတွေမှာ KNU အနေနဲ့ ပါဝင်နေတာ ယာယီဆိုင်းငံ့ပြီး၊ အလွတ်သဘော ဆွေးနွေးပွဲတွေကနေ အဖြေရှာမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။