ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ တားမြစ်ခံရ
2013.03.11

ရန်ကုန်မြို့ကနေ လိုင်ဇာအထိ ဧရာဝတီမြစ် အနောက်ဘက်ကမ်းကနေ ချီတက်လာတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ကို မတ်လ ၁၁ ရက် ဒီကနေ့မနက်ပိုင်းက မြစ်ကြီးနားမြို့အဝင် ပမ္မတီးရပ်ကွက်မှာ အစိုးရစစ်တပ်နဲ့ ရဲဝန်ထမ်းတွေက လမ်းတွေပိတ်ပြီး တားဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအဖွဲ့ဟာ မြစ်ကြီးနားမြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ ပမ္မတီးရပ်ကွက်မှာ ဒီကနေ့ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန်မှာတော့ မြစ်ကြီးနားမြို့ မနောကွင်းအထိ သွားရောက်မှာဖြစ်ပါတယ်။
အလားတူ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ ချီတက်လာတဲ့ မြင်းခြံကနေစထွက်တဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ ဒီကနေ့ နေ့လည်ပိုင်းအထိ လိုင်ဇာနဲ့ ၉ မိုင် အကွာအဝေးလောက်မှာရှိတဲ့ ဗန်းမော်ဘက်ခြမ်း မိုးလဲချောင်းတံတားနားမှာရောက်နေပြီး တားဆီးမှုတွေရှိနေတာကြောင့် ခရီးဆက်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့အဝင်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က တားဆီးခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်မင်းနိုင်ကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။