ငြိမ်းချမ်းရေး လမ်းလျှောက်သူတစ်ချို့ ပင်ပန်းမှုဒဏ် ခံစားနေရ
2013.02.10
ရန်ကုန်က စတင်ထွက်ခွာခဲ့တဲ့အဖွဲ့ဟာ အခုဆိုရင် ရက်သတ္တပတ် (၃) ပတ်မြောက် ရှိလာပြီဖြစ်ပြီး လမ်းခရီးပင်ပန်းလွန်းတဲ့အတွက် သံဃာတော် (၁) ပါးဟာ ခြေထောက်အရိုး ထိခိုက်ထားပြီး နောက်ထပ် သံဃာတော် (၂) ပါးကတော့ ခြေထောက်တွေ ယောင်ယမ်းလာတာကြောင့် သီတင်းသုံးရာ စစ်ကိုင်းကို ပြန်လည်ကြွသွားပြီလို့ သိရပါတယ်။ လမ်းလျှောက်သူတစ်ဦးကတော့ နှာခေါင်းသွေး လျှံတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။
ခရီးရှည်တာကြောင့် ပင်ပန်းနေကြပြီး လမ်းလျှောက်သူတစ်ချို့ ကျန်းမာရေး ထိခိုက်လာတဲ့ အခြေအနေကို ငြိမ်းချမ်းရေး လမ်းလျှောက်သူတစ်ဦးဖြစ်တဲ့ ကိုစည်သူက RFA ကို အခုလို ပြောပါတယ်။
"လမ်းလျှောက်တာ မိုင်တွေများတဲ့အတွက် သံဃာတော် (၂) ပါးက ခြေထောက်တွေ ရောင်နေတယ်၊ ကူမဲကနေ သီတင်သုံးတဲ့ စစ်ကိုင်းကို ပြန်သွားပြီ၊ ကျွန်တော်တို့ကို ဒေသခံတွေ စီစဉ်ပေးထားတာတော့ ရောက်တဲ့နေရာတိုင်းမှာ ဒေသဆိုင်ရာ ဆရာဝန်တွေက ညတိုင်း ညတိုင်း လာပြီး စစ်ဆေးပေးတယ်"
ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေဟာ အခုဆိုရင် အင်အား (၅၀) ကျော်ရှိလာပြီး လိုင်ဇာမြို့ကို နောက်ထပ် (၁) လခန့်မှ ရောက်ရှိမှာ ဖြစ်တယ်လို့ပြောပါတယ်။