ငြိမ်းချမ်းစွာ လှည့်လည်ခွင့်ဥပဒေ လွှတ်တော်ကပဲပြင်မည်
2014.01.13

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေဟာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းထားတဲ့ ဥပဒေဖြစ်တဲ့ အတွက်ကြောင့် လွှတ်တော်ကပဲ ပြင်ဆင်သွားရ မှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော် မှာ ပြောဆိုလိုက်ပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပုဇွန်တောင် မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး မေးခွန်းမေးရာမှာ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကိုတော့ ၂ဝ၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေမှာ ပြဌာန်းခဲ့ပြီးဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တင်ပြဆွေနွေးတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ဥပဒေအရ အတည်ပြုထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ပြည်ထောင်စု ဥပဒေကပဲ ပြင်ဆင်ပြဌာန်းမယ်ဆိုရင် ကျနော်တို့ ဒီဥပဒေကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်”
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်ခွင့်ကို ခွင့်ပြုထားပြီး ဖြစ်ပေမယ့် သက်ဆိုင်ရာ ရဲစခန်းတွေမှာ ခွင့်ပြုချက် ထပ်မံတောင်းခံနေရတဲ့အတွက် ဥပဒေရဲ့အထက်မှာ ခွင့်ပြုပေးတဲ့သူ ရှိနေသလိုမျိုး သဘောသက်ရောက်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ပြောပါတယ်။
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်းခြင်းဆိုင်ရာ ပုဒ်မ ၁၈ အရ ဆန္ဒပြခွင့်တွေကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေမှာ တစ်ပတ်ကြိုတင်ခွင့်ပြုချက် တောင်းခံရမယ်လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ ရန်ကုန် မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။