ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခုနှစ်ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်
2019.05.20

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခုနှစ်ဦးစလုံးကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ ရုံးထုတ်ရာမှာ လာရောက်ဝန်းရံသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
အင်းစိန်အကျဉ်းထောင်ကနေ တရားရုံးကို ရုံးထုတ်လာစဉ်မှာ သံချပ်အဖွဲ့ဝင်တွေကို လက်ထိပ်မခတ်ဘဲ ခေါ်လာတဲ့အတွက် တပ်မတော်က လက်ထိပ်ခတ် ရုံးထုတ်ဖို့ ညွှန်ကြားတာကြောင့် ရုံးထုတ်နောက်ကျတာလို့ လာရောက်ဝန်းရံခဲ့သူ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း ကပြောပါတယ်။
ဒီလိုတပ်မတော်ဖိအားပေးတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တရားလိုဖြစ်သူ တပ်မတော် အရာရှိက ဖြေဆိုဖို့ အချိန်မရှိကြောင်း RFA ရဲ့မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
တရားရုံးက နောက်တစ်ကြိမ် ရုံးချိန်းကို လာမယ့် ဇွန်လ ၃ ရက်နေ့မှာ ချိန်းဆိုလိုက်ပါတယ်။
အဲဒီတစ်ကြိမ်ရုံးထုတ်မှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သံချပ်အဖွဲ့ဝင်တွေကို ကြမ်းကြမ်းတမ်းတမ်း ရုံးထုတ်ခဲ့တာနဲ့ ပတ်သက်လို့ တရားရုံးထံ တင်ပြသွားမယ်လို့ သံချပ်အဖွဲ့ဝင်တွေရဲ့ ရှေ့နေ တစ်ဦးဖြစ်တဲ့ ဦးအောင်စည်ထွန်း ကပြောပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို မရမ်းကုန်း၊ ဗိုလ်တထောင်၊ မအူပင်မြို့နယ်တွေအပြင် ဖျာပုံမြို့နယ်မှာပါ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။