ဒေါင်းတို့မျိုးဆက်သံချပ် ဗီဒီယိုနဲ့အသံဖိုင်တွေ သက်သေခံတင်သွင်း


2019.06.17
peacock-generation-may20-622.jpg ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခုနှစ်ဦးစလုံးကို ၂၀၁၉၊ မေ ၂၀ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ်
Photo: Aung Thain Kha/ RFA

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတဲ့အမှုအတွက် တရားလိုတင်သွင်းတဲ့ ဗီဒီယိုဖိုင်တွေနဲ့ သံချပ်စာသားတွေကို သက်သေခံအဖြစ် ဒီနေ့တရားရုံးက လက်ခံလိုက်ပါတယ်။

ဒီလိုလက်ခံလိုက်တာဟာ တရားဥပဒေနဲ့မညီတဲ့အတွက် ဆက်လက်ပြီး အယူခံတင် ကန့်ကွက် ဝင်သွားမယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြောပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့် တင်သွင်းတဲ့ သက်သေခံဟာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက် တရားရုံးက လက်မခံဖို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရဲ့ ရှေ့နေက ပြီးခဲ့တဲ့အပတ် ရုံးချိန်းကတည်းက လျှောက်ထားခဲ့ပေမယ့် ဒီနေ့ တရားရုံးက လက်ခံလိုက်တာပါ။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ပြီးခဲ့တဲ့ သြင်္ကန်ကာလက ဗမာသစ် ဆုပေးမဏ္ဍပ်မှာ သံချပ်ထိုးဖျော်ဖြေခဲ့ရာ တပ်မတော်ကိုထိခိုက်စေတဲ့ အကြောင်းအရာတွေ ပါဝင်တယ်ဆိုပြီး တပ်မတော်ဘက်က ဗိုလ်တထောင်တရားရုံးမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အလားတူ ဘုရင့်နောင်လမ်းဆုံမှာ သံချပ်ထိုးဖျော်ဖြေခဲ့မှုကို မရမ်းကုန်းတရားရုံးမှာလည်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ သံချပ်ထိုးဖျော်ဖြေခဲ့တာကို ဖျာပုံမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်တွေမှာလည်း တပ်မတော်က တရားစွဲဆိုထားပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

နောက်တစ်ပတ်ရုံးချိန်းကို လာမယ့် ဇွန်လ၂၄ ရက်နေ့မှာ ထပ်မံချိန်းဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။