ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေ ရုံးထုတ်
2019.05.17

တပ်မတော်ကပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲတာခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေထဲက မဆုရတနာမြင့်နဲ့ ကိုငြိမ်းချမ်းစိုး(ခ)ချစ်ယုံတို့ကို ဒီကနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ပထမဆုံးရုံးထုတ်ခဲ့ပြီး အာမခံလျှောက်ထားတာကို အာမခံမပေးဘဲ ချုပ်မိန့်နဲ့ အင်းစိန်အကျဉ်းထောင်ကို ဒီနေ့ ပို့လိုက်ပြီဖြစ်ပါတယ်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြုလုပ်ပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခုနှစ်ဦးကိုပုဒ်မ ၅၀၅ (က)နဲ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
တရားလိုဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် ငါးဦးဟာ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတယ်ဆိုတာကို မသိရှိတဲ့အကြောင်း သူတို့ကိုချုပ်ထားရာနေရာ မသိတဲ့အတွက် ဒီနေ့ ရုံးထွက်ခွင့်မရပဲ မေလ ၂၀ ရက်နေ့နောက်ပိုင်း ရုံးချိန်းတွေမှသာ စတင်စစ်ဆေးနိုင်မယ်လို့ စွပ်စွဲခံရသူတွေဖက်က ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်စမ်းစမ်းမြင့်က ပြောပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို လာမယ့်မေလ ၂၀ ရက်နေ့မှာ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ရုံးထုတ်မှာဖြစ်ပါတယ်။ တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံနေရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ အပါအဝင် ဦးနေမျိုးဇင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ မန္တလေးမြို့က ဆရာတော်ဥူးသောဘိတ စတဲ့ရုံးချိန်းတွေမှာ အပြာရောင်လှုပ်ရှားမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။