ဖမ်းဆီးခံကျောင်းသားတွေ အတွက် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ကူညီလှူဒါန်းမည်
2015.04.14

တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွေရဲ့ "ဒေါင်းတို့ မျိုးဆက်" သံချပ်အဖွဲ့ဟာ သြင်္ကန်ကာလအတွင်း သံချပ်နဲ့ ဖျော်ဖြေရရှိလာတဲ့ အလှူငွေတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသား ကျောင်းသူတွေ အသုံးပြုနိုင်ဖို့ လှူဒါန်းသွားမယ်လို့ ပြောပါတယ်။
ဒီနေ့ သြင်္ကန်အကျနေ့မှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဟာ ရန်ကုန်မြို့ ရန်ကင်းစင်တာရှေ့မှာ ဖျော်ဖြေခဲ့ တာဖြစ်ပါတယ်။ အလှူငွေတွေကို ပြန်လည်လှူဒါန်း သွားမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဇေယျာလွင်က အခုလိုပြောပါတယ်။
"သေချာတာကတော့ ကျနော်တို့ ကျောင်းသား ရဲဘော်တွေရဲ့ ထောင်ဝင်စာအတွက်တော့ ပါမှာသေချာတယ်၊ တခြားသီးခြားသွားလှူတဲ့ကိစ္စမျိုးကတော့ လောလောဆယ် ကျနော်ပြောလို့မရသေးဘူး"
သံချပ်အဖွဲ့ ဒီနေ့ဖျော်ဖြေခဲ့ရာ အမျိုးသားပညာရေးဥပဒေအကြောင်း၊ ကျောင်းသားတွေ အကြမ်းဖက်ခံရတဲ့ အကြောင်းတွေကို သရုပ်ဖော်ပြသခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတဲ့ အစိုးရရဲ့ဆောင်ရွက်ချက်တွေကို သံချပ်စာသားနဲ့ ရေးသားဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။
"ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ဟာ ရန်ကုန်မြို့မှာ လှည့်လည်ဖျော်ဖြေတာ ၃ နှစ်ရှိပြီဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။