သံချပ်အဖွဲ့အမှုအတွက် တရားလိုပြသက်သေတစ်ဦးကို စာရင်းကနေ ပယ်ဖျက်
2019.06.19

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ရဲရင့်ဝင်း ဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့အတွက် တရားလိုပြ သက်သေအဖြစ်ကနေ ပယ်ဖျက်သွားတယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြောပါတယ်။
သံချပ်အဖွဲ့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတဲ့ တရားလိုဖြစ်သူ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်းမြင့်ကို ဒီနေ့ မရမ်းကုန်း တရားရုံးမှာ စစ်ဆေးတာဖြစ်ပါတယ်။
တရားလိုပြသက်သေ ငါးဦး တင်သွင်းထားတာဖြစ်ပြီး အဲဒီ ငါးဦးထဲက တစ်ဦးကို ပယ်ဖျက်သွားတာဖြစ်ပါတယ်။
လာမယ့် ၂၆ ရက်နေ့မှာတော့ ကျန်ရှိတဲ့ တရားလိုပြသက်သေ လေးဦးကို မရမ်းကုန်း တရားရုံးက ဆက်လက် စစ်ဆေးသွားမှာဖြစ်ပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ပြီးခဲ့တဲ့ သြင်္ကန်ကာလက ဗမာသစ် ဆုပေးမဏ္ဍပ်မှာ သံချပ်ထိုးဖျော်ဖြေခဲ့ရာ တပ်မတော်ကိုထိခိုက်စေတဲ့ အကြောင်းအရာတွေ ပါဝင်တယ်ဆိုပြီး တပ်မတော်ဘက်က ဗိုလ်တထောင်တရားရုံးမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
အလားတူ ဘုရင့်နောင်လမ်းဆုံမှာ သံချပ်ထိုးဖျော်ဖြေခဲ့မှုကို မရမ်းကုန်းတရားရုံးမှာလည်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ သံချပ်ထိုးဖျော်ဖြေခဲ့တာကို ဖျာပုံမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်တွေမှာလည်း တပ်မတော်က ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။