ပဲခူးတိုင်းအတွင်းက မြို့နယ်တချို့မှာ မငြိမ်သက်မှု ဆက်ဖြစ်နေ
2013.03.27

ပဲခူးတိုင်းဒေသကြီး စစ်ကွင်းမြို့လယ်က ဗလီနဲ့ ဈေးဆိုင်တချို့ကို ဒီကနေ့ နေ့လည် ၃ နာရီလောက်က ဒေသခံမဟုတ်တဲ့ လူတစ်စုက ဝင်ရောက်ဖျက်ဆီးခဲ့ကြတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
အခင်းဖြစ်နေတဲ့ ဗလီအနီးကို ရောက်နေတဲ့ စစ်ကွင်းမြို့ခံတစ်ဦးက သူမြင်နေရတာတွေကို အခုလို ပြောပါတယ်။
“အခုလူတွေ ဗလီကို ဖျက်နေတယ်၊ အသံတွေ ကြားနေရတယ်၊ သူတို့မှာ နှစ်တောင်လောက်ရှိတဲ့ တုတ်တွေ ကိုင်ထားတာတွေ့တယ်၊ စောင့်ပြီး ကြည့်နေကြတယ်၊ အခြေအနေ ကြည့်နေကြတယ်၊ နံရံကို ထုနေပြီ၊ ကြည့်ရတာကတော့ တောဘက်ကလာတာလို့ ထင်တာပဲ၊ ၁ဝ ယောက် ၁၅ ယောက်လောက်တော့ရှိတယ်၊ ရဲတွေဘယ်သူမှ လာတာမတွေ့ဘူး၊ တခြားလမ်းထောင့်တွေကနေပြီးတော့ ဖျက်နေတဲ့အသံတွေ ဒီကကြားနေရတယ်၊ ဒီကနီးလည်း နီးတယ်၊ မြင်လည်း မြင်နေရတယ်ဆိုတော့ ဗလီကျောင်းမှာ တန်းလျားရှိတယ်လေ၊ အဲ့ဒီတန်းလျားကထွက်ထားတဲ့ အကြော်ဆိုင်လေးကိုလည်း ဖျက်တယ်၊ ရှေ့ကဝါးလုံးတွေကို ယူပြီးတော့၊ ခုလူနည်းနည်း များလာပြီလေ၊ မြို့ခံလူတွေကတော့ မပါဘူး၊ ထဲမှာဝင်သွားကြတယ်၊ အပြင်ကမြင်နေရတာကတော့ ၃၊ ၄ ယောက်လောက်ပဲ၊ ဒါပေမယ့်အထဲမှာ လူတွေရှိတယ်၊ ဗလီက ပွင့်နေပြီလေ၊ ပထမရက်တည်းက ပွင့်နေတာ”
ဒီကနေ့မနက်ပိုင်းလောက်က စစ်ကွင်းမြို့ထဲကို လူ၃၀လောက်ဝင်လာပြီး ဖျက်ဆီးမယ်လို့ ကောလဟာလတွေ ထွက်ပေါ်လာပြီးနောက် ဈေးဆိုင်ခန်းတွေလည်း ပိတ်ခဲ့ကြပါတယ်။ အဲဒီလို ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီး နေ့လည်ပိုင်းလောက်မှာ ဈေးဆိုင်တစ်ချို့နဲ့ ဗလီဖျက်ဆီးခံခဲ့ရတာလို့ဆိုပါတယ်။ စစ်ကွင်းမြို့မှာ အစ္စလာမ်ဘာသာဝင် ၅၀ လောက်သာရှိပြီး အိမ်ခြေ ၁၅ လုံးခန့်သာရှိတယ်လို့ သိရပါတယ်။
အလားတူ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မြို့တွေမှာလည်း မူဆလင်နေအိမ်တွေ ဖျက်ဆီးခံရတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇီးကုန်းမြို့က ဗလီတစ်ခုနဲ့ မူဆလင်အိမ်တချို့ကို ရာနဲ့ချီတဲ့လူအုပ်တစ်စုက ဖျက်ဆီးခဲ့တယ်လို့ ဇီးကုန်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဇီးကုန်းမှာဆိုရင် ၂၆ ရက်နေ့ ညကပေါ့၊ ၂၇ မနက် အစောကြီးပေါ့၊ အာ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်၊ ကျမတို့တော်တော်ကြီး ဒီမှာလူတွေ စိတ်သောက ရောက်နေကြတယ်၊ လူအုပ်ကြီးက လာပြီးတော့ ဖြိုဖျက်နေတယ်”
အဲဒီလို လူအုပ်စုတစ်စုက ဖျက်ဆီးနေချိန်မှာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားပေမယ့် အချိန်မီလာရောက် ဖြေရှင်းတာမရှိကြောင်းလည်း ဇီးကုန်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကစပြီး ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ မူဆလင်တွေရဲ့ နေအိမ်တွေ၊ ဗလီတွေ ဖျက်ဆီးခံနေရတာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သာယာဝတီမြို့နယ် ဥက္ကဌ ဦးအောင်မြင့်က ကြို့ပင်ကောက် ၊ အုတ်တွင်းနဲ့ ဇီးကုန်း အခြေအနေကို အခုလိုပြောပြပါတယ်။
“၂၄ ရက်နေ့က ပဲခူးတိုင်း အနောက်ဘက်ခြမ်း သာယာဝတီခရိုင် အိုးသည်ကုန်းရယ်၊ အုတ်ဖိုရယ်၊ ကြို့ပင်ကောက်ရယ် နေ့စဉ်ရက်ဆက် ဖြစ်နေတယ်၊ အခုညတုန်းက ဇီးကုန်းမှာ ဖြစ်တယ်၊ နတ်တလင်းမှာ ဖြစ်တယ်၊ ပေါင်းတည်မှာ ဖြစ်တယ်၊ အခု ဇီးကုန်းမှာ ထပ်ဖြစ်နေတယ်၊ ဒုက္ခရောက်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပြီးတော့ ကူညီပေးဖို့အဆင့်အထိ ကျနော်တို့ ကြိုးစားနေတယ်၊ ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို အသေးစိတ် အစီရင်ခံနိုင်ဖို့အတွက် ကျနော် ကြို့ပင်ကောက်၊ ဇီးကုန်းက ဘာသာရေးခေါင်းဆောင်တွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပြီးတော့ ဒုက္ခသည်စခန်းတွေ တည်းခိုရာစခန်းတွေ ဖွင့်ပေးဖို့အတွက် လက်ရှိအနေအထားမှာ ကျနော်ကြိုးစားနေတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေအပါအဝင် လူမှုရေးအဖွဲ့အစည်းတွေက သက်ဆိုင်ရာ ဒေသခံအုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ပူးပေါင်းပြီး လက်ရှိအခြေအနေ ထပ်မဆိုးအောင်နဲ့ ဒုက္ခရောက်နေသူတွေကို အကူအညီပေးနိုင်ရေးအတွက် ဒီနေ့မတ်လ ၂၇ ရက်နေ့မှာ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ ဒေသခံအာဏာပိုင်တွေက အခုအချိန်ထိ ဘာမှလုပ်ဆောင်ပေးတာမရှိသလို အရေးယူတာလည်း မတွေ့ရသေးကြောင်း ဦးအောင်မြင့်က ပြောပါတယ်။
ပဲခူးတိုင်း ပေါင်းတည်မြို့မှာ ဒီနေ့ ပုဒ်မ ၁၈၈ ထုတ်ပြန်လိုက်ပါတယ်။
ပေါင်းတည်မြို့ကို ရောက်နေတဲ့ RFA သတင်းထောက် ကိုမိုးသူအောင်ကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။